Skip to main content

ကျေးလက်ပြည်သူရေရှိရေး အစဉ်ကြိုးပမ်းဆောင်ရွက်ပေး

ရေရရှိရေးသည် လူနှင့်သက်ရှိ သတ္တဝါအားလုံးအတွက် မရှိမဖြစ်သော အခြေခံ လိုအပ်ချက်များ တွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် ညွှန်းကိန်းများ တွင်လည်း အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ကြောင့်ပင် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များအနက် ပန်းတိုင်(၆) ၂၀၃၀ တွင် လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ် ရရှိရေးနှင့် စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး”သည် ရည်မှန်းချက် (၁) ရပ်အဖြစ် ပါဝင်နေခြင်းဖြစ်သည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ဦးဆောင်၍ ယူနီဆက်၏ ထောက်ပံ့မှုဖြင့် သက်ဆိုင်ရာဌာနများအားလုံး ပူးပေါင်းပါဝင် ရေးဆွဲခဲ့သော ကျေးလက်ရေ ရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး မဟာဗျူဟာပါ ရေရရှိရေးရည်မှန်းချက် ဖြစ်သည့် ၂၀၃၀ ပြည့် နှစ်တွင် ကျေးလက်ဒေသ အားလုံး အခြေခံသောက်သုံးရေ ရရှိစေရေးနှင့် အိမ်သွယ်ရေ တိုင်စနစ် ၂၀ ရာခိုင်နှုန်း ရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နှစ်စဉ်လျာထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍လည်း ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ၃၀၀၀ ကျော်တွင် အိမ်သွယ်ရေ တိုင်စနစ်များ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။ အကောင်အထည်ဖော် ဆောင်ရွက် အခြေခံ ရေပေးရေးစနစ်များဖြစ်သည့် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ မြေသားရေကန်နှင့် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများကို နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကျေးရွာပေါင်း ၁၁၇၆၉ရွာတွင် ကျေးလက်ရေရရှိရေး လုပ်ငန်းပေါင်း ၁၄၇၃၄ ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း တွင်းတိမ် ၉၅ တွင်း၊ တွင်းနက် ၅၆၄ တွင်း၊ လက်တူး တွင်း ၁၅၃ တွင်း၊ မြေသားရေကန် ၁၄၃ ကန်၊ စိမ့်စမ်းရေ သွယ်လုပ်ငန်း ၂၉၂ ခုနှင့် အခြားရေပေးရေး လုပ်ငန်း ၇၆၄ ခု စုစုပေါင်း လုပ်ငန်း ၂၀၁၁ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ထို့ပြင် ကျေးလက်နေပြည်သူများ (၂၄နာရီ/ ၇ရက်)ပတ်လုံး ရေလိုအပ်သည့် အချိန်တိုင်း မိမိတို့ ခြံဝင်းအတွင်း ရေအလွယ်တကူ ရရှိစေနိုင်ရန် အတွက် အိမ်တိုင်ရာရောက် ရေမီတာသုံး စနစ်များကိုလည်း ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ အိမ်တိုင်ရာရောက် ရေမီတာစနစ်များအား နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုနှင့် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထား ဆောင်ရွက်ပေးခြင်းဖြစ်ရာ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ကျေးရွာများတွင် ပြည်သူလူထု၊ ကျေးလက်ဦးစီးနှင့် ယူနီဆက်တို့ပူးပေါင်း၍ “ပြည်သူလူထု အခြေပြု ရေမီတာသုံး အိမ်တိုင်ရာ ရောက်ရေပေးရေးစနစ်” အပိုင်း(၁) စီမံကိန်းအား ကျေးရွာ ၁၁၀ တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်း၏ထူးခြားချက်မှာ ပြည်သူလူထုမှ ရေရှည်ဆောင်ရွက်လည်ပတ်နိုင်စေရန်နှင့် မိမိပိုင်ပစ္စည်း ကဲ့သို့တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စီမံကိန်းတွင် ပြည်သူ၏ ထည့်ဝင်မှုအချိုးအား အထူးအလေးထားခြင်းပင်ဖြစ်သည်။ အိမ်တိုင်ရာရောက် ရေဖြန့်ဝေနေပြီဖြစ် ပြည်သူလူထုအနေဖြင့် စက်ရေတွင်းမရှိပါက တူးဖော်ခြင်း၊ ပိုက်လိုင်းဆက်သွယ်ခြင်းအတွက် လုပ်အားဖြင့်ကူညီခြင်း၊ မိမိခြံဝင်းအတွင်း သွယ်တန်းမည့်ပိုက်နှင့် ရေမီတာ ကုန်ကျစရိတ် ကျခံခြင်း တို့ကို ဆောင်ရွက်ပြီး ယူနီဆက်မှ ကျေးရွာစက်ရေ တွင်းတူးဖော်ပေးခြင်းအတွက် ပိုက်နှင့် ပိုက်များ ပံ့ပိုးခြင်း၊ ဆိုလာစနစ်သုံးရေတင်စက် ပံ့ပိုးခြင်းနှင့် ရွာတွင်းရေပို့ပိုက်လိုင်းများ၊ သွယ်တန်းရန်ပိုက်များ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ကာ ကျေးလက်ဦးစီးမှ စင်မြင့်ရေစင်၊ ရေပို့နှင့် ဖြန့်ဝေပိုက်လိုင်း ဒီဇိုင်းများဆွဲပေးခြင်းစသည့် နည်းပညာပိုင်းပံ့ပိုးမှုများ ဆောင်ရွက် ပေးပါသည်။ အထက်ပါပုံစံဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးမှု၊ ပြည်သူလူထု၏ ထည့်ဝင်မှုနှင့် ကိုယ့်အားကိုယ်ကိုး စသည်ဖြင့် အိမ်သွယ်ရေတိုင်စနစ်အား တိုးချဲ့အကောင် အထည်ဖော်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း ၃၀၃၈ ရွာတွင် အိမ်သွယ်ရေ တိုင်စနစ်ဖြင့် အိမ်တိုင်ရာရောက် ရေဖြန့်ဝေနေပြီဖြစ်ပါသည်။ ထို့ပြင် ဆိုလာဖြင့် ရေပေးရေးစနစ်အား ယခင် ကျေးလက်ရေပေးရေးဌာနခွဲ လက်ထက် ၁၉၈၉ ခုနှစ်မှစတင်၍ အနည်းငယ်စမ်းသပ် သုံးစွဲခဲ့ကြသော်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်ထက် ၂၀၁၂ ခုနှစ်တွင်မှ ယူနီဆက်နှင့် ပူးပေါင်း၍ DANIDA ၏ ထောက်ပံ့မှုဖြင့် ဆိုလာရေတင် ကျေးလက်ရေပေးရေးစနစ်အား စစ်ကိုင်း ၊ တိုင်းဒေသကြီးတွင် ကျေးရွာ ၁၃ ရွာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့၍ အောင်မြင်မှုရရှိခဲ့ပြီး လျှပ်စစ်မီး မရရှိသော ဒေသများအတွက် အထူးသင့်လျော်ခြင်း၊ စက်သုံးဆီစရိတ် ကုန်ကျမှုမရှိခြင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုခြင်းဖြစ်၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိခြင်း၊ ကုန်ကျစရိတ် နည်းပါးခြင်းတို့ကြောင့် များစွာအသုံးပြုခဲ့ရာ DFID အထောက်အပံ့ဖြင့် ယူနီဆက်နှင့် ပူးပေါင်း ဆောင်ရွက်သော ASWA (Accelerating Sanitation and Water For All Project-Phase-1) အိမ်တိုင်ရာ ရောက် ရေမီတာသုံး ရေပေးရေးစနစ်မှစတင်ကာ ASWA -1 Extension Project နှင့် ထပ်မံဆောင်ရွက်သော ASWA-II Project တွင်လည်းကောင်း၊ အခြားနိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်သော စီမံကိန်းများတွင်လည်းကောင်း ဆိုလာရေတင်စနစ်အား အသုံးပြုခဲ့ရာ ကျေးလက်ဦးစီးမှဆောင်ရွက် ပေးခဲ့သော ဆိုလာရေတင်စနစ် တပ်ဆင်သည့်ရွာ စုစုပေါင်း ၈၄ ရွာအထိ ရှိလာပြီဖြစ်သည်။ မျှော်မှန်းချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျေးလက် ဒေသများ၌ ရေရရှိ လွှမ်းခြုံနိုင်မှု ၅၅ ရာခိုင်နှုန်း ရှိခဲ့ရာ ကျေးလက်ရေရှိရေးမဟာဗျူဟာအရ ၂၀၂၀ ပြည့်နှစ်တွင် ၇ဝ ရာခိုင်နှုန်း အထိ တိုးမြင့်လာစေရေးမျှော်မှန်း လျာထားခဲ့ရာ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ရေရရှိလွှမ်းခြုံနိုင်မှု ၇၇ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရသည့်အတွက် မျှော်မှန်းချက်ထက် ကျော်လွန်အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ။ ဦးစီးဌာနအနေဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရေကော်မတီဝင် များအား “ဘေးကင်းလုံခြုံ စိတ်ချရသောသောက် သုံးရေအစီအမံ”၊ “ငွေစာရင်းလည်ပတ် ထိန်းသိမ်း နည်းသင်တန်း”၊ “ရေပေးရေးစနစ်လည်ပတ်ထိန်း သိမ်းနည်းသင်တန်း” များ ပို့ချကာ ကျေးရွာရေ ကော်မတီသို့ ရေပေးဝေရေးစနစ်အား စနစ်တကျ လွှဲပြောင်းပေးအပ်ကြောင်းလည်း သိရှိရသည်။ ကျေးရွာလူထုနှင့် ရေကော်မတီဝင်များအနေ ဖြင့်မူ မိမိတို့ ကျေးရွာရှိရေပေးဝေရေးစနစ် ရေရှည် လည်ပတ်ထိန်းသိမ်းနိုင်ရန်အတွက် ကျေးရွာလူထု သဘောတူညီမှုဖြင့် ရေဖိုးရေခကောက်ခံခြင်း၊ ရန်ပုံငွေများအား စနစ်တကျ မှတ်တမ်းရေးသွင်း ပြုစုထိန်းသိမ်းခြင်းနှင့် ဘေးကင်းလုံခြုံ စိတ်ချရပြီး ရေရှည်တည်တံ့သော ရေပေးဝေရေးစနစ်ဖြစ်စေရန် စနစ်တကျ လည်ပတ်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဟုဆိုသည်။ ။ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးသည် အဓိက ကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ကျေးလက်ဦးစီးမှ ဆောင်ရွက်လျက်ရှိသော ရေရရှိရေး လုပ်ငန်းများတွင် National Drinking Water Quality Standards Myanmar (DRI 2019)ကို အခြေခံထား၍ Parameter(12) မျိုးအားရေအရည်အသွေး စစ်ဆေးပေးလျက်ရှိပြီး စစ်ဆေးချက် များအား အဆိုပါ လုပ်ငန်းများတွင် ဖော်ပြချိတ်ဆွဲထားသည်ကို တွေ့ရ သည်။ ရေအရည်အသွေး စစ်ဆေးချက်အရ သောက်သုံးရန် မသင့်လျော်ပါက အဆိုပါ ရေအရင်း အမြစ်များအား သင့်လျော်သည့် ရေသန့်စင်စနစ် အသုံးပြု၍ လည်းကောင်း၊ သုံးရေအဖြစ်သာ သုံးစွဲခြင်းဖြင့် လည်းကောင်း နည်းလမ်းရှာဖွေဆောင်ရွက်ပေးလျက်ရှိရာ လွယ်ကူရိုးရှင်းပြီး ကုန်ကျစရိတ်နှင့် ပြုပြင်ထိန်းသိမ်းစရိတ် သက်သာသောနည်းလမ်း(၁) ခုဖြစ်သည့် အနှေးသဲ ရေစစ်ခြင်း နည်းလမ်းကို ကျေးလက်ဒေသများတွင် ဆောင်ရွက်ပေးခဲ့သည့်အပြင် ရေတွင် ပါဝင်သော အမှိုက်သရိုက်အသစ် အကြေးများသာမက ဗက်တီးရီးယားနှင့် ပိုးမွှားများပါ ဖယ်ရှားပေးနိုင်သည့် Membrane Filter ရေသန့် စင်စနစ်များအား မြေပေါ်ရေအား အဓိက အားထားသုံးစွဲရသည့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသ များဖြစ်သော ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် Membrane Filter သုံးရေ သန့်စင်စနစ် ၉၆ ခု ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သောက်သုံးရေများ အချိန်မီဖြန့်ဝေပေးနိုင်ရေး ထို့ပြင် ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ စိမ့်စမ်းများနှင့် မြေအောက်ရေခန်းခြောက်မှုများ ဖြစ်ပေါ်လာခြင်းများကြောင့် သောက်သုံးရေရှားပါး ပြတ်လပ်မှုများ ကြုံတွေ့လာရရာ ရေရှားကျေးရွာများတွင် သောက်သုံးရေရရှိစေရန် ၂၀၁၅ ခုနှစ် အယ်လ်နီညိုကာလမှစ၍ သက်ဆိုင်ရာ မြို့နယ် အတွင်းရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များ၊ NGO များ၊ အလှူရှင်များနှင့် ပေါင်းစပ်၍ ဘဏ္ဍာရေးနှစ်အလိုက် သောက်သုံးရေ ဖြန့်ဝေခြင်းများအား ဆောင်ရွက်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ နွေရာသီ ရေရှားပါး ကျေးရွာ ၂၃၆ ရွာသို့ ရေဂါလန် ပေါင်း သန်း ၃၀ ဒသမ ၀၃၅၄ ဖြန့်ဝေပေးခဲ့ပြီး အိမ်ခြေ ၀ ဒသမ ၅၀ သန်း၊ လူဦးရေ ၂ ဒသမ ၄၁၀ သန်း အကျိုးခံစားရရှိခဲ့ပါသည်။ ဦးစီးဌာနပိုင် ရေသန့်စင်ကား ၁၀ စီးနှင့် ရေသယ်ယာဉ် အစီး၂၀ ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေဖြန့်ထား၍ ရေရှားပါးကျေးရွာများသို့ သောက်သုံးရေများ အချိန်မီဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားရှိပါသည်။ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ထား ရေရှားပါးပြတ်လပ်မှုများကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများသည် သက်ဆိုင်ရာကျေးရွာများသို့ ဆက်သွယ်ရန်ဖုန်းနံပါတ်များ ဖြန့်ဝေထားရှိပါသည်။ ထို့အပြင် ရေဖြန့်ဝေသည့် အချက်အလက်များကို ဦးစီးဌာန၏ website www.water-donation.com တွင် အချိန်နှင့်တစ် ပြေးညီထုတ်ပြန်ထားရှိသည့်အပြင် ၎င်း website Facebook Messengers Viber တို့မှလည်း သတင်းပေးပို့နိုင်ကြောင်း သိရှိရသည်။ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက် ထို့ပြင် ကျေးလက်ဒေသ သောက်သုံးရေရရှိမှု အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ထိရောက်သော စောင့်ကြည့်စစ်ဆေးမှုနှင့် လျာထား မှုများ ပြုလုပ်နိုင်ရန် ကျေးလက်ရေရရှိရေး အချက်အလက်နည်းပညာစနစ် Twsmis.com ကို တည်ထောင်ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၁၃၀၀၀ ကျော်၏ အချက်အလက်များ ကောက်ယူထည့်သွင်းပြီးဖြစ်သည်။ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး ဆက်လက် ကောက်ယူလျက် ရှိပြီး ပြည့်စုံစွာကောက်ယူ ပြီးစီးပါကရေရရှိရေး ဆောင်ရွက်ပေးရမည့် ကျေးရွာများ၊ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ အစားထိုးလဲလှယ်ပေးရမည့် ရေပေး ရေးအခြေခံ အဆောက်အအုံများကို မြေပြင်အမှန် သိရှိ လျာထားပေးနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ NGO/INGO/ CSO များနှင့်လည်း ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

မောင်ရေခဲ