နေပြည်တော် မေ ၂၄
ကမ္ဘာတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး မိမိတို့နိုင်ငံတွင်လည်း ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ၂၀၂၀ - ၂၀၂၁ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ခေတ္တပိတ်ခဲ့ရကာ ပညာသင်ကြားမှုများကို ရပ်ဆိုင်းခဲ့ရသဖြင့် ပညာရေးကဏ္ဏအတွက် နစ်နာမှုများ ကြုံတွေ့ခဲ့ရသည်။ ထိုသို့ နစ်နာခဲ့မှုများကို ပြန်လည်ကုစား၍ ပညာဆက်လက်သင်ကြားခွင့် ရရှိစေရန်အတွက် ၂၀၂၁ - ၂၀၂၂ပညာ သင်နှစ်တွင် အခြေခံပညာကျောင်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့် လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာနမှ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများက ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယင်းသို့ ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၁ ရက်တွင် ပုံမှန်စာသင်နှစ်အတိုင်း ပြန်လည်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ် နှံရေးသီတင်းပတ်အဖြစ် ၂၀၂၁ခုနှစ် မေ ၂၄ ရက်မှ ၃၁ ရက် အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ကိုဗစ် - ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ကြသည်။ အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက ကျောင်းအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ Mask များဖြန့်ဝေပေးခြင်းတို့ကို ဉီးစွာဆောင်ရွက် ပေးပြီး ကျောင်းအတွင်း ထားရှိပေးထားသော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေး နိုင်စေရန်နှင့် ကျောင်းသား စာရင်း ပေးသွင်းရာတွင်လည်း တစ်ဉီးနှင့်တစ်ဉီး ၆ ပေ အကွာ တန်းစီ၍ ကျောင်းအပ်နှံနိုင်စေရေး ဆောင်ရွက်ပေးသည်။ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က “နေပြည်တော်မှာရှိတဲ့ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ Version 4.0 အချက် ၃၅ နဲ့ သွားပြီး ကျောင်းတွေ ကို စစ်ဆေးပါတယ်။ အဲဒီ ၃၅ ချက်ထဲက အဓိကအချက်တွေဖြစ်တဲ့ ကျောင်းအဝင်ဝတွေမှာ ၆ ပေခြားစီစဉ်ထားရှိမှု၊ စာသင်ခန်း တွေထဲမှာ ၄ ပေခြား ထိုင်ခုံတွေကို စီစဉ်ထားရှိပြီး Hand Gel, Mask, Face Shield တွေ ပြင်ဆင်ထားရှိမှု၊ ပိုးသတ်ဆေးဖြန်းနိုင်ဖို့အတွက် ပိုးသတ်ဆေးအလုံ အလောက်ရှိမှု၊ လေဝင် လေထွက်ကောင်း မကောင်းနဲ့ ကျန်းမာရေး စောင့်ရှောက်ခန်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ လုပ်ထားခြင်း ရှိ၊ မရှိ စတဲ့အချက် တွေကို သွားရောက် ကြည့်ရှု စစ်ဆေးပါတယ်။ လိုအပ်ချက်ရှိရင်လည်း အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပြီး ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ “ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း ကြို၊ ပို့ ယာဉ်တွေကိုလည်း စီစဉ် ပေးထားပါတယ်။ အခြေခံပညာကျောင်းတွေမှာ အေးချမ်းစွာ ပညာသင်ကြားခွင့်ရရှိရေးအတွက် လိုအပ်တဲ့ နေရာ တွေမှာ လုံခြုံရေးတွေအပြည့်အဝ ဆောင်ရွက်ပေး ထားပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ သားသမီးတွေလုံခြုံရေးကို စိတ်ပူစရာမလိုဘဲ ယုံယုံကြည် ကြည်အပ်နှံကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်” ဟု ပြောသည်။ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ မယူသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ အတွက် မူလတန်း အဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာ စာအုပ်(၁)ဒါဇင်၊ ခဲတံ(၄) ချောင်းစီ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂) ချောင်းစီ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ များတစ်ဉီးလျှင် ပြန်လည်အသုံး ပြုနိုင်သည့် Mask (၂)ခုစီ၊ Face Shield (၁)ခုစီတို့ကို ပံ့ပိုးပေးသည်။ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသားမိဘဖြစ်သူ ဒေါ်ခင်သိန်းမြင့်က “ကျွန်မက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှာ အိမ်ကကလေးတွေအတွက် ကျောင်းလာအပ်တာပါ၊ ဒီကျောင်းမှာ ကျောင်းအကျိုးတော်ဆောင်အနေနဲ့လည်း တာဝန်ယူထားပါတယ်။ အခု ကျောင်း လာရောက်အပ်နှံရာမှာ ငွေကြေးကုန်ကျမှု မရှိပါဘူး။ လိုအပ် တဲ့ စာရွက်၊ စာတမ်း၊ ခဲတံ၊ Mask၊ Face Shield တွေကို နိုင်ငံတော်က ထောက်ပံ့ ပေးပါတယ်။ ဒီနေ့ကျောင်းလာရောက်အပ်နှံတဲ့သူတွေ အကုန်လုံးစိတ်ပျော်ရွှင် ကြည်နူးနေကြတာကို တွေ့မြင်ရပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထား တာတွေကိုလည်း အားရကျေနပ်မှု ရှိပါတယ်။ ကျောင်းအပ်နှံရာမှာ နိုင်ငံ တော်ရဲ့စေတနာကို တန်ဖိုးထားပြီး ကျောင်းလာရောက်အပ်နှံကြပါလို့ ကျွန်မအနေနဲ့ ကျောင်းသား မိဘတွေကို ပန်ကြားလိုပါတယ်။ “ကလေးတွေအနေနဲ့လည်း ပညာသင်ကြားချင်နေကြပြီ။ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းမှာ ပြန်ဆုံတွေ့ခွင့်ရကြတော့မယ် ဆိုတော့ပျော်နေကြတယ်။ အခုလို နည်းပညာခေတ်မှာ ပညာတတ် ဖြစ်မှ အလုပ်ကောင်း၊ အကိုင်ကောင်း ရကြမယ်။ ပညာမတတ်ရင် အမှား၊ အမှန်၊ အကောင်း၊ အဆိုး တွေးခေါ်နိုင်စွမ်းမရှိနိုင်ဘူး။ ကျွန်မတို့လို မိဘတွေ အနေနဲ့ကတော့ သားသမီးတွေရဲ့ ပညာရေးဆုံး ခန်းတိုင်ဖို့အတွက် ထောက်ပံ့ပေးရမယ့် တာဝန်အပြည့်ရှိတယ်လို့ခံယူထားပါတယ်” ဟုပြောသည်။ ထို့ပြင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများက လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင်လည်း စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့် အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထားခြင်း၊ ကျောင်းကြို/ပို့ ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင်ခြင်းတို့ကိုလည်း ဆောင်ရွက် ထားကြောင်း သိရသည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ အခြေခံပညာကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၇၄ ကျောင်း စုစုပေါင်း ၈၅၉ ကျောင်း ရှိကြောင်း သိရှိရသည်။ သတင်း - နိုင်အောင် ဓာတ်ပုံ - အေးနော်