နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် ပထမဆုံး လုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်းလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစီးဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် ၂၀၂၀ပြည့် နှစ်က ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်အနက် ၃၀၆ မြို့နယ်၏ မဲစာရင်းများကို စစ်ဆေးခဲ့သည်။ မဲစာရင်းစစ်ဆေးအဖြေထုတ်ရန် မြို့နယ် ကိုးမြို့နယ်သာကျန်ရှိပြီး မကြာမီတွင် မဲစာရင်းစစ်ဆေးမှုများ ပြီးစီးတော့မည်ဖြစ်သည်။
ရွေးကောက်ပွဲမဲစာရင်းများကို အပြီးသတ် စစ်ဆေးပြီးစီးလုနီးသည့်အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းရှိ မဲစာရင်းတွင် လူဦးရေ ၆၁၃၇၀၄၇ ဦး ပါဝင်ပြီး လဝက၏အသက် ၁၈နှစ်ပြည့် မှတ်ပုံတင်ကတ် (နိုင်၊ ဧည့်၊ ပြု၊ အမတ)ကိုင်ဆောင်သူများ ၃၉၇၉၆၉၅ ဦးဖြစ်သဖြင့် ကွာခြားချက်အနေဖြင့် ၂၁၅၇၃၅၂ ဦးရှိပြီး မဲပေးသူ အရေအတွက်မှာ စုစုပေါင်း ၄၁၈၈၂၄၉ ဦးဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူအရေအတွက်မှာ ၇၄၇၁၃၈ ဦး၊ နိုင်ငံသားကတ် သုံးကြိမ်ထပ်၊ နှစ်ကြိမ် ထပ် ပါဝင်နေသူအရေအတွက်မှာ ၂၈၀၄၈၂ ဦး ဖြစ်သည်။ ထို့ကြောင့် မဲမသမာမှုဖြစ် နိုင်သည့် အရေအတွက်မှာ ၁၀၂၇၆၂၀ (တစ်သန်းကျော်) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်။
စာရင်းချုပ်လျှင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံး၌ မဲမသမာမှုအရေအတွက် သန်းနှင့်ချီတွေ့ရှိနိုင်သည်။ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် အမည်စာရင်းများ အစုလိုက်အပြုံလိုက် ပါဝင်နေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ်၊ သုံးကြိမ်ထပ်၍ ပါဝင်နေခြင်းတို့ကို တွေ့ရသည်။ ယင်းသို့ဖြစ်ရသည်မှာ မဲစာရင်းများ ပြုစုရာ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကောက်ယူထားသည့်စာရင်းကို မြို့နယ်ကော်မရှင်က မဲစာရင်း၌ ထည့်သွင်းဆောင်ရွက်ကြရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပါတီအောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြသည်။ မဲစာရင်းကောက်ယူရာတွင် ရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ်ရှိ/မရှိ၊ မဲပေးခွင့်ရှိသူဟုတ်၊ မဟုတ် စသည်ဖြင့် စိစစ်ခြင်းမရှိခဲ့သည့်အတွက် ယခုကဲ့သို့ မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထို့အပြင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် ရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ကြေညာခဲ့ရာ ကြိုတင်ဆန္ဒမဲများကောက်ခံရာ၌ အချို့နေရာများတွင် NLD ပါတီအောင်နိုင်ရေးအဖွဲ့များ လိုက်ပါ၍နေအိမ်များအရောက်ကောက်ခံခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်အရ မိမိဒေသသို့ မပြန်နိုင်သူများ ကြိုတင်ဆန္ဒမဲပေးရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင်လည်း မဲစာရင်းထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အမြောက်အမြားကိုလည်း မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးစေခဲ့သည်ကို တွေ့ရသည်။ မဲပေးရာ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲပေးခွင့်ရရေးအတွက် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။
မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲပေးခွင့်ရရှိခဲ့ပြီး မဲရေတွက်ရာတွင်လည်း ကော်မရှင်တံဆိပ်မပါသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များ၊ အမှန်ခြစ် ခြစ်ထားသော မဲလက်မှတ်များ၊ ကြိုတင်ဆန္ဒမဲအိတ်များ ပေါက်ပြဲသဖြင့် ပယ်မဲဖြစ်ရမည့် မဲလက်မှတ်များကိုပါ ထည့်သွင်းရေတွက်နိုင်ကြောင်းနှင့် ခိုင်လုံမဲအဖြစ်သတ်မှတ်နိုင်ကြောင်း ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ အထက်ပါ ဆောင်ရွက်ချက်များသည် သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းမရှိဘဲဥပဒေကို ကျော်လွန်ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထားများနှင့်တကွ စိစစ်တွေ့ရှိခဲ့သည်။
NLD ပါတီသည် ရွေးကောက်ပွဲမတိုင်မီကတည်းက ကြိုတင်ပြင်ဆင် ဆောင် ရွက်ခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလခန့်တွင် အောက်ခြေရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ နှင့် မဲရုံများ၌ မဲမသမာမှုဖြစ်စဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးချုပ်များထံမှ အမည်စာရင်းတောင်းခံ၍ NLD ပါတီအမာခံများကို ထည့်သွင်းကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ရွေးကောက်ပွဲတွင် မိမိအလိုရှိသလို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် လွှမ်းမိုးသည့်လုပ်ဆောင်မှုများ၊ စီမံခန့်ခွဲအုပ်ချုပ်မှုအပိုင်းတွင် လိုသလိုဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ထိုစဉ်က အာဏာရပါတီကြီးက အကောင်အထည်ဖော်ခဲ့သည်။
သို့ဖြစ်ရာ အာဏာရပါတီက မိမိပါတီတစ်ဖွဲ့တည်း ရွေးကောက်ပွဲတွင် မိုးပြို မြေပြို အနိုင်ရရှိပြီး အစိုးရထပ်မံဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်မှုများသည် ရွေးကောက်ပွဲ ဥပဒေနှင့်ငြိစွန်းနေသဖြင့် အမှန်တရားရှာဖွေဖော်ထုတ်၍ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည် ရမည်ဖြစ်ပါကြောင်း။ ။