ယခုအခါ ပြည်သူများအနေဖြင့် ငွေကြေးနှင့်ပတ်သက်ပြီး အခက်အခဲဖြစ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ မိမိတို့အပ်နှံစုဆောင်းထားသည့်ငွေကို ပြန်လည် ထုတ်ယူရေး၌ အခက်အခဲဖြစ်နေကြသည်။ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ယူရေးနှင့် ၎င်းဘဏ်တို့၏ ATM များမှ ငွေထုတ်ယူရန် ငွေကြေးပမာဏ အတိုင်းအတာတစ်ခုကို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းထုတ်ယူနေကြရသည်။
ဘဏ်ဟူသည်မှာ ပြည်သူများ၏ စုဆောင်းငွေကိုအကြောင်းပြု၍ နိုင်ငံအတွင်း ငွေကြေးလှည့်ပတ် စီးဆင်းအောင် ဆောင်ရွက်ပေးသော လုပ်ငန်းဖြစ်သည်။ ပြည်သူတို့၏ စုဆောင်းငွေသည် အဓိကငွေပင်ငွေရင်းဖြစ်ပြီး ပြည်သူတို့က ၎င်းတို့၏ငွေကြေးများကို စုဆောင်းခြင်းမရှိဘဲ အကုန်ပြန်ထုတ်လာသောအခါ ငွေကြေးမလည်ပတ်မှု ဖြစ်ပေါ်လာရသည်။ ပြည်သူတို့အနေဖြင့် ဘဏ်များ အပေါ်တွင် ယုံကြည်စိတ်ချမှုရှိ၍ အပ်နှံခြင်း၊ စုဆောင်းခြင်း၊ ချေးယူခြင်း၊ ထုတ်ယူခြင်းတို့ကို ပြုလုပ်ကြရာတွင် ဘဏ်များအနေဖြင့်လည်း ပေးရန်တာဝန်ရှိပေသည်။ သို့သော် စုဆောင်းငွေတစ်မျိုး တည်းကိုသာ ထုတ်ယူနေကြသဖြင့် ငွေကြေးမလည်ပတ်တော့ဘဲ အပြည့်အဝ ထုတ်ယူမရရှိခြင်း ဖြစ်သည်။ ပြည်သူများ၏ ငွေကြေးနှင့်ပတ်သက်၍မူ ဗဟိုဘဏ်က ထိန်းသိမ်းစီမံဆောင်ရွက်နေသဖြင့် စိုးရိမ်ဖွယ်ရာ အလျှင်းမရှိပေ။
လတ်တလောတွင် အခက်အခဲများရှိသော်လည်း ပြည်သူတို့၏ စုဆောင်းငွေများ ဆုံးပါးသွားခြင်းမရှိပါ။ မလည်ပတ်၍ အပြည့်အဝမရရှိခြင်း ဖြစ်ပါသည်။ ထိုအခက်အခဲကို ကုစားနိုင်ရန်အတွက် မလည်ပတ်သော စာရင်းဟောင်းအပြင် စာရင်းသစ်ဖွင့်၍ အထူးအကောင့်သစ်ဖြင့် ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုများကို မြန်မာ့စီးပွားရေး ဘဏ်များတွင် စတင်ပြုလုပ်ပေးနေပြီဖြစ်သည်။ ပြည်သူများ အနေဖြင့် ငွေသွင်း/ ငွေထုတ်လုပ်ငန်းများကို ယခင်အတိုင်း ပုံမှန်ပြန်လည်ပြုလုပ်ကြပြီး နိုင်ငံတော်၏ ဘဏ်စနစ်အပေါ် ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများ အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ဘဏ်စနစ်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ငွေထုတ်ယူမှုကန့်သတ်ချက်ကို ပြုလုပ်ထားခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်ဖြင့် ထုတ်ယူနေသူများရှိသကဲ့သို့ တစ်ပြိုင်တည်းစိုးရိမ်စိတ်ဖြင့် အပ်ငွေ မအပ်တော့သည့်ကိစ္စများ ဖြစ်ပေါ်လာသည်။ ငွေပမာဏ များပြားသော မိမိတို့၏ ရှိငွေကို ဘဏ်၌မအပ်ဘဲ လက်ဝယ်ထားရာတွင် လုံခြုံမှုမရှိဘဲ စိုးရိမ်ပူပန်မှု ဖြစ်ကြရသည်။ လက်ရှိကာလ မတည်ငြိမ်မှု အမျိုးမျိုးရှိနေသောအခါ၌ မိမိတို့၏ လက်ဝယ်ရှိ ငွေများအတွက် ပိုမိုစိုးရိမ်ကြရသည်။ အဆိုပါကိစ္စရပ်ကို ပြေလည်စေရန်နှင့် ငွေသွင်း ငွေထုတ်ကိစ္စရပ်များ လွယ်ကူချောမွေ့ရန်အတွက် အထူးစာရင်းသစ်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ရခြင်း ဖြစ်သည်။ ယခင်စာရင်းဟောင်းတွင် ထုတ်ငွေချည်းသာရှိနေသဖြင့် ငွေကြေးမလည်ပတ်မှုရှိနေရာ ယခုစာရင်းသစ်ကို ပြန်လည်စတင်ခြင်းဖြင့် ကြိုက်သလောက်စု၊ ကြိုက်သလောက်ထုတ်နိုင်သည့် ဘဏ်စနှစ်ကို ရရှိမည်ဖြစ်သည်။
နိုင်ငံတစ်ဝန်း မြန်မာ့စီးပွားရေးဘဏ်အောက်ရှိ အကန့်အသတ်မရှိ ငွေလွှဲငွေထုတ် အထူးဝန်ဆောင်မှုပေးနေသောဘဏ်များမှာ ရန်ကုန်မြို့၌ မြန်မာ့စီးပွားရေး ဘဏ်ခွဲ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ နှင့် ငွေစုဘဏ်ခွဲ ၁၊၂၊၃၊ ၄ တို့ဖြစ်သည်။ မြို့နယ်ဘဏ်ခွဲများမှာ ကြည့်မြင်တိုင်၊ ကမာရွတ်၊ တာမွေ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ အင်းစိန်နှင့် သန်လျင်မြို့များဖြစ်သည်။ နယ်မြို့များမှာ မြစ်ကြီးနား၊ ပူတာအို၊ မြဝတီ၊ ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ စစ်ကိုင်း၊ မုံရွာ၊ တမူး၊ ကသာ၊ ရွှေဘို၊ မော်လိုက်၊ ကလေး၊ ခန္တီး၊ ထားဝယ်၊ ကော့သောင်း၊ ပဲခူး၊ တောင်ငူ၊ ပြင်ဦးလွင်၊ ဂန့်ဂေါ၊ ကျောက်ဆည် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကြီး၊ မူဆယ်၊ သထုံ၊ ဖျာပုံ၊ ပျဉ်းမနား၊ နေပြည်တော် စသည့် နိုင်ငံအတွင်းရှိ မြို့ကြီးများအားလုံးနီးပါးဖြစ်သည်။ ။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အထူးစာရင်းသစ်ကောင်တာများကို သီးခြား ဖွင့်လှစ်ပေးထား၍ အခက်အခဲမရှိ ငွေသွင်း/ငွေထုတ်/ငွေလွှဲ ပြုလုပ်နိုင်သည်။ အထူးကောင်တာတွင် စာရင်းသစ် ဖွင့်လှစ်ခြင်း၊ ငွေသားအပ်နှံမှုလက်ခံခြင်း၊ စာရင်းသစ်မှ အခြားပေးချေမှုဖြစ်သည့် စာရင်းပြောင်း၊ ငွေပေးမိန့်လွှာ၊ ချက်လက်မှတ်များဖြင့် ထုတ်ပေးသည့်နည်းလမ်းများကိုလည်း ဆောင်ရွက်နိုင်သည်။ ငွေသားပြန်လည် ထုတ်ယူလိုပါကလည်း အပ်နှံထားသည့် ငွေပမာဏအတွင်း အကန့်အသတ်မရှိ ထုတ်ယူနိုင်သည်။ နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၇၇ မြို့တွင် အဆိုပါ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး ငွေကြေးဝန်ဆောင်ခနှုန်းထားမှာလည်း ပုံမှန် အတိုင်းပင်ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် နိုင်ငံတစ်ဝန်း၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်ကောင်းမွန် လာသဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များကလည်း ငွေကြေးဝန်ဆောင်မှုအသစ်များ တိုးမြှင့် လုပ်ဆောင်လာပြီး ပြည်သူများကလည်း ဘဏ်များအပေါ်တွင် ယုံကြည်စိတ်ချမှုရှိစွာ ဆောင်ရွက်ခြင်းဖြင့် ငွေကြေးစီးဆင်းမှု ပိုမို ကောင်းမွန်လာမည်ဖြစ်ပါကြောင်း။ ။