Skip to main content

မီးလျှံထဲက ဘဝတစ်ခု

ယခုရက်ပိုင်းအတွင်း မီးလောင်မှုဖြစ်စဉ်တွေ ဆက်တိုက်နီးပါးဖြစ်ပွားနေတာ မြင်ရကြားရတော့ အတော့်ကို စိတ်လက်မချမ်းမသာဖြစ်ရတယ်ဗျ။ အချို့သော စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေရဲ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်များဟာ ပေါ့ဆမီးမဟုတ်ဘဲ မသမာသူတွေရဲ့ လက်ချက် ရှို့မီးဆိုရင်တော့ လုံ့လပယောဂ အားထုတ်သူအဖို့ ပစ္စုပ္ပန်သာမက နောင်သံသရာအတွက်ပါ အတော့်ကို အပြစ်ကြီးတယ်လို့ပဲဆိုရမယ်။ ကျွန်တော်တို့ဟာ ကံ၊ ကံ၏အကျိုးကို ယုံကြည်သက်ဝင်ကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်တာမို့ အဲဒီလိုပဲ ယုံကြည်ယူဆမိကြောင်းပါ။

သာဓကအကိုးအကားအနေနဲ့ပြရရင် “တရားတော်ကိုသိရာ သိကြောင်း၊ နိဗ္ဗာန်၏လမ်းကြောင်း တရားတော်များ စုပေါင်းထားသောကျမ်း” လို့ အဓိပ္ပာယ်ရတဲ့ ဓမ္မပဒ ဒဏ္ဍဝဂ်လာ စပါးကြီးမြွေ ပြိတ္တာဝတ္ထုကိုပဲ သာဓကပြရမှာပါပဲ။

အခါတစ်ပါးမှာ အရှင်မဟာမောဂ္ဂလန် အရှင် မြတ်ကြီးဟာ လက္ခဏ မထေရ်နဲ့အတူ ဂိဇ္ဈကုဋ်တောင်က အဆင်းမှာ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ ဦးခေါင်းမှ အမြီးဖျားအထိ အပြန်ပြန်အလှန်လှန် မီးလျှံတွေ ထတောက်လောင်နေတဲ့ အလွန်ကြီးမား လှတဲ့ စပါးကြီးမြွေပြိတ္တာကြီးကို မြင်တော်မူခဲ့တယ်။

ပြိတ္တာအား အကြောင်းပြု ဟောကြား မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော် ရောက်တဲ့အခါ မမြင်စဖူး ထူးကဲ လှတဲ့ ထိုအတ္တဘောမြင်ကွင်းအကြောင်း လျှောက်တင်ကြရာမှာ အထ ပါပါနိ ကမ္မာနိ အစရှိသော ဤဒေသနာတော်ကို မြတ်စွာဘုရားရှင်ဟာ ထိုစပါး ကြီးမြွေငြိတ္တာအား အကြောင်းပြု ဟောကြားတော် မူခဲ့ခြင်းဖြစ်ပါတယ်။

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော် အခါက ဘုရားရှင်ကို ကျောင်းဆောက်လုပ်လှူဒါန်း ခဲ့သူ သုမင်္ဂလအမည်ရှိ ကျောင်းဒကာ သူဌေးကြီး တစ်ဦးရှိခဲ့တယ်။ တစ်နေ့ သူဌေးကြီးဟာ မနက် စောစောဘုရားရှင်ထံ သွားရောက်ဖူးမြော်ဖို့အထွက် မြို့တံခါးအနီးက ဇရပ်တစ်ခုမှာ ခိုးသူတစ်ဦးဟာ ခြေထောက်မှာ ရွှံ့ညွန်အလိမ်းလိမ်းနဲ့ ခေါင်းမြီး ခြုံပြီး အိပ်နေတာကို မြင်လိုက်တယ်။ ဤသူကား ညဉ့်၌ သွားလာလှည့်လည်၍ အိပ်သောသူ ဖြစ်လတ္တံ့လို့ ဆိုလိုက်မိတယ်။

ခိုးသူက မျက်နှာကို ဖွင့်ကြည့်ပြီး သူဌေးကြီးကို ရန်ငြိုးဖွဲ့ကာ သူဌေးကြီးပိုင်လယ်ကို ခုနစ်ကြိမ် တိုင်တိုင် မီးတိုက်တယ်။ နွားခြံက နွားတွေကို ခုနစ်ကြိမ်တိုင်တိုင် ခုတ်ဖြတ်တယ်။ အိမ်ကိုလည်း ခုနစ်ကြိမ်တိုင်တိုင် မီးတိုက်ပြန်တယ်။

အမျက်ဒေါသ မပြေပြန်တော့ သူဌေးကြီးရဲ့ အလုပ်သမားကို မိတ်ဖွဲ့ပြီး သူဌေးကြီး နှစ်သက် မြတ်နိုးအပ်တဲ့အရာကိုစုံစမ်းမေးမြန်းတယ်။ သူဌေးကြီးဟာ မြတ်စွာဘုရားရှင်ကို ဆောက်လုပ်လှူဒါန်း ထားတဲ့ ဂန္ဓကုဋိကျောင်းတော်ကြီးကို လွန်စွာ နှစ်သက်မြတ်နိုးမှန်းသိရတော့ ကျောင်းတော်ကို သွားပြီး ဘုရားရှင်ရဲ့ သောက်ရေ၊ သုံးဆောင်ရေအိုး တွေကိုခွဲ၊ နောက်ဆုံးဂန္ဓကုဋိကျောင်းတော်ကြီးကိုပါ မီးတိုက်လေတယ်။

သူဌေးကြီးဟာ သတင်းကြားလို့ အပြေးအလွှား ရောက်လာခဲ့သော်ငြား အလာကောင်းပေမယ့် အခါနှောင်းသွားတယ်။ မီးလောင်ကျွမ်းနေတဲ့ ဂန္ဓကုဋိ ကျောင်းတော်ကိုပဲ မြင်တွေ့လိုက်ရတော့တယ်။ သို့ပေမယ့် သူဌေးကြီးဟာ သူအလွန်တရာ မြတ်နိုးလှတဲ့ ဂန္ဓကုဋိကျောင်းတော်ကြီး မီးလောင် ကျွမ်းနေတာကို ကြည့်ရှုရင်း ဆံခြည်တစ်ပင်ဖျားမျှ နှလုံးမသာမရှိဘဲ လက်ပမ်းပေါက်ပင် ထခတ်လေ တယ်။ အနီးရှိသူတို့က မေးမြန်းတဲ့အခါ မြတ်စွာ ဘုရားရှင်ရဲ့ ဂန္ဓကုဋိကျောင်းတော်ကို အသစ် တစ်ဖန် ဆောက်လုပ်လှူဒါန်းခွင့် ရလတ္တံ့ဟု နှစ်သက်ဝမ်းမြောက်သောစိတ်ကြောင့်လို့ ဆိုတယ်။

သတ်ဖို့အထိ ကြံစည် ခိုးသူဟာ သူဌေးကြီးရဲ့ စိတ်နှလုံး မသာယာအောင် မလုပ်နိုင်တဲ့အဆုံးမှာ သတ်ဖို့အထိ ကြံစည် ပြီး ပုဆိုးအကြားမှာ ဓားကိုချည်ကာ အခွင့်ကောင်းကို စောင့်ပြီး ချောင်းနေတယ်။

သူဌေးကြီးဟာ ခုနစ်ရက်ပတ်လုံး ဘုရား အမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့ကို အလှူကြီးပေးလှူပြီး “ဘုန်းတော်ကြီးမားသော မြတ်စွာဘုရား၊ ယောက်ျားတစ်ယောက်သည် ခုနစ်ကြိမ်တိုင်တိုင် တပည့်တော်၏ လယ်ကို မီးတိုက်အပ်ပါပြီ၊ ခုနစ်ကြိမ်တိုင်တိုင် နွားခြံ၌ နွားတို့၏ခြေတို့ကိုခုတ်ဖြတ်ပါပြီ၊ ခုနစ်ကြိမ်တိုင်တိုင် အိမ်ကို မီးတိုက်အပ်ပါပြီ၊ ယခုအခါဂန္ဓကုဋိ ကိုလည်း ထိုသူသာလျှင် မီးတိုက်သည်ဖြစ်ပါလိမ့်မည် ဘုရား၊ တပည့်တော်သည် ဤအလှူ၌ ရှေးဦးစွာ အလှူ အဖို့ အမျှကို ထိုယောက်ျားအား ပေးဝေပါ၏ဘုရား”လို့ လျှောက်တင်လေတယ်။

ထိုသို့လျှောက်တင်သံကို ပွဲခင်းအလယ်မှာ အခွင့်ကောင်းကိုစောင့်ပြီး ချောင်းနေတဲ့ ခိုးသူကြားလိုက်ရတဲ့ အခါ “ငါပြုအပ်သော အမှုသည် စင်စစ် ဝန်လေးလေစွတကား”ဟုအမြင်မှန်ရပြီး သူဌေးကြီးရဲ့ ခြေရင်း၌ ဝပ်ဆင်းလျက် သည်းခံတော်မူပါ လို့တောင်းပန်လေတယ်။ ။

သူဌေးကြီးဟာ ပညာရှိသူတော်ကောင်းပီပီ သည်းခံခွင့်လွှတ်သော်ငြား ခိုးသူဟာ သူပြုခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံကြောင့် အဝီစိငရဲမှာ ကာလတာရှည်ကျပြီး ကြွင်းသော အကျိုးအားဖြင့် ယခုအခါ ဂိဇ္ဈကုဋ်တောင်၌ မီးဖြင့်ကျက်သော ဆင်းရဲကိုခံစားရသည့် မြွေပြိတ္တာကြီး လာဖြစ်ခဲ့ရ ပါတယ်။

ရှေးကပြုအပ်သော မကောင်းမှုကံ ဤသို့လျှင် မြတ်စွာဘုရားရှင်ဟာ ထိုစပါးကြီး မြွေ ပြိတ္တာရဲ့ ရှေးကပြုအပ်သော မကောင်းမှုကံကို မိန့်တော်မူပြီးလျှင် ချစ်သားရဟန်းတို့ - သူမိုက် တို့မည်သည်ကား ယုတ်မာသော အမှုတို့ကို ပြုကုန် စဉ် မသိတတ်ကြကုန်၊ နောင်အခါ၌ကား မိမိသည် ပြုအပ်သော ကံတို့ဖြင့် လောင်ကျွမ်းကုန်လျက် မိမိသည်ပင်လျှင် မိမိ၏တောမီးနှင့်အတူ ဖြစ်ကြကုန်၏ဟု မိန့်ကြားတော်မူ၍ “မလိမ္မာသော သူမိုက်သည် ယုတ်မာကုန်သော မကောင်းမှုတို့ကို ပြုလုပ် နိုင်၏။ ထိုသို့ပြုလုပ်နိုင်သော်လည်း ပြုအပ်သော မကောင်းမှု၏ အကျိုးကိုမသိ။ မိမိဥစ္စာ ဖြစ်ကုန်သော မကောင်းမှုတို့ကြောင့် ပညာကင်းသူလူမိုက် သည် မီးလောင်လျက်သာလျှင် ငရဲ၌ ပူပန်ရ၏”  ဟူသည့် အထ ပါပါနိ ကမ္မာနိ အစချီသော ဒေသနာတော်ကို အနုသန္ဓေစပ် ဟောကြားတော်မူခဲ့ပါတယ်။

ဒေသနာတော်အဆုံးမှာတော့ များစွာသော သူတို့ဟာ သောတာပတ္တိဖိုလ် စသဖြင့် ရောက်ကြ လေကုန်တယ်။

ဓမ္မပဒ ဒဏ္ဍဝဂ်လာ စပါးကြီးမြွေပြိတ္တာ (မီးလျှံ ထဲက ဘဝတစ်ခု) ဝတ္ထုဇာတ်ကြောင်းကတော့ ကံ ကံ၏အကျိုးကို ယုံကြည်သက်ဝင်ကြတဲ့ ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးတို့အဖို့ သံဝေဂပွားစရာ ဒေသနာလို့ပဲ ဆိုရပါမယ်။

“အကြင်သူသည် ဆူးကို စိုက်ပျိုးအံ့၊ ထိုသူသည် စပျစ်သီးကို ဆွတ်ခူးရရှိနိုင်မည် မဟုတ်။ အကြင် သူသည် မီးမွှေး ဆော့ကစားအံ့၊ ထိုသူသည် မီးသင့်လောင်ခံရမည်” ဆိုတဲ့ ရှေးဟောင်းအာရပ်ကဗျာ ထဲက စာပိုဒ်ကိုလည်း သတိပြုသင့်ကြောင်းပါဗျာ။

စာချစ်သူ