ရန်ကုန် မေ ၁၉
ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းကို အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ကုန်ကြမ်း ရှားပါးလာချိန်တွင် ပြည်ပမှကုန်ကြမ်းတင်သွင်း၍ တန်ဖိုးမြှင့်ကုန် ချောထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံအတွက် အခွန်ငွေ ပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရသည်။
အခွန်ငွေနှစ်မျိုးရရှိနိုင် သဘာဝရေပြင်တွင် ငါးရှားပါးလာချိန်၌ ပင်လယ် ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံမှ ကကူရံငါးကို တင်သွင်းပြီး အခြောက်ပြုလုပ်သည့်နည်းတူ ငါးစည်ဖောင်း ထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ အပြိုင်အဆိုင် ဝယ်ယူနေသော ပြည်ပ ဈေးကွက်သို့ မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိရာ ထိုငါးကိုတရားဝင်တင်သွင်းခြင်းဖြင့် ပို့ကုန်မှနိုင်ငံ အတွက် အခွန်ငွေနှစ်မျိုးရရှိနိုင်ကြောင်း သိရသည်။
“သဘာဝငါး ရှားပါးလာတဲ့အတွက် ကကူရံငါးနဲ့ ငါးပုပ်ခြောက်ငါးကို ပြည်ပက တင်သွင်းနိုင်ရင် အဆင်ပြေမယ်။ ကကူရံငါးက ငါးစည်ဖောင်းလည်းရတယ်။ လုပ်ငန်းရှင်တွေလည်း ရေရှည် ရပ်တည်နိုင်မယ်။ ထိုင်းနိုင်ငံကတစ်ဆင့်ခံပြီး တင် သွင်းနေပေမယ့် နိုင်ငံတော်က အခွန်မရ ဘူး။ တရားဝင် ပြည်ပက တင်သွင်းဖို့လိုမယ်။ ငါးပုပ်ခြောက်နဲ့ ငါးစည်ဖောင်းကို ပြည်ပကိုတင်ပို့ နေတာကြာပြီ။ ဈေးကွက်မှာ အပြိုင်အဆိုင်ဝယ်နေကြတာ။ အဲဒီ အတွက် ကုန်ကြမ်းဝင်ရင် အခွန်ရသလို ကုန်ချောတင်ပို့ရင်လည်း အခွန်ရမယ်ဆိုတော့ အခွန်နှစ်မျိုးရတယ်။ ကျွန်တော်တို့ လည်းမြတ်လို့ လုပ်ကြတာ။ တရားဝင် တင်သွင်းခွင့်ပြုဖို့ပဲလိုတာ။ ၂၀၁၇ ခုနှစ်ထိ အဆင်ပြေ တယ်။ နောက်ပိုင်းကုန်ပစ္စည်း ရှားပါးပြီး ကုန်ချောအခက်အခဲရှိလာတယ်။ ကုန်ကြမ်း လှိုင်လှိုင်ရဖို့ပဲလိုတယ်” ဟု မြန်မာနိုင်ငံ ငါးပိငါးခြောက်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်ကပြောသည်။
ဈေးကွက်ဝင် ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းကို မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့က အများဆုံးဝယ်ယူလျက်ရှိပြီး ငါးစည်ဖောင်းကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူကာ လွန်ခဲ့သော ၁၀ နှစ်ကျော်က ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းကို ပြည်ပသို့တင်ပို့ရာတွင် ရေလုပ်သားနှင့် လုပ်ငန်းရှင်တို့ အဆင်ပြေခဲ့သည်။ သဘာဝရေပြင်တွင် ရေသယံဇာတရှားပါး လာချိန်၌ ငါးပုပ်ခြောက်နှင့် ကကူရံငါးကို ပြည်ပမှတင်သွင်း၍ ငါးပုပ်ခြောက်ငါးမှ ငါးစည်ဖောင်း ထုတ်ကာတန်ဖိုးမြှင့်ထုတ် ကုန်ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရ ရှိမည်ဖြစ်ပြီး ထိုလုပ်ငန်း ရပ်နားခဲ့သည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ရာ အခိုင်အမာ ဈေးကွက်ရရှိထားသော ထိုလုပ်ငန်း ပြန်လည်ဦးမော့ရန် စီးပွားရေးလုပ်ငန်းရှင် တို့လိုလားလျက်ရှိသည်။
နိုင်ငံအတွက် နှစ်စဉ် အခွန်ငွေရရှိ
ပြည်ပဝယ်လိုအားကောင်းသော ငါးခြောက်နှင့် ငါးစည်ဖောင်းကိုကုန်ကြမ်းအဖြစ် ထိုင်းနိုင်ငံမှ တစ်ဆင့်ခံ တင်သွင်းခြင်းထက် ပြည်ပမှ တရားဝင် တင်သွင်းမှုဖြင့် နိုင်ငံတော် အခွန်ငွေရရှိမည့် အပြင် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်သည့် အခြားရေ ထွက်ကုန်ပစ္စည်းများလည်း တိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယခုကာလတွင် ပြည်တွင်းငါးပိငါးခြောက်ဈေး နှုန်းသိသာစွာ လှုပ်ရှားမှုမရှိဘဲ ဒေါ်လာဖြင့် ဝယ်ယူသော ကုန်ပစ္စည်းများ ဈေးကစားလျက်ရှိရာ အခြေခံ ပြည်သူအများစု စားသောက်ကုန်ဖြစ်သော ငါးပိ၊ ငါးခြောက် ပြည်တွင်းဈေးကွက် တည်ငြိမ် လျက်ရှိသည်။ ကုန်ကြမ်းအပြည့်အဝ လိုအပ်ချက်ကြောင့် ဈေးကွက်ဝင် ငါးပုပ်ခြောက်နှင့် ငါးစည်ဖောင်းတင်ပို့မှု ကျဆင်းခဲ့ပြီး ဝယ်လိုအားနှင့် ရောင်းလိုအား အသင့်ရှိနေသော လုပ်ငန်းဖြစ်သောကြောင့် ပြည်ပမှ ကုန်ကြမ်းတင်သွင်းခွင့် ရရှိပါက တန်ဖိုးမြှင့် ရေထွက်ကုန် ထုတ်လုပ်မှုမှ နိုင်ငံတော် အတွက် နှစ်စဉ်အခွန်ငွေ ပိုမိုရရှိနိုင်ကြောင်း သိရသည်။
ညိမ်းသူ၊
ဓာတ်ပုံ- ကနူး