Skip to main content

နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်

“တပ်မတော်အနေဖြင့် ပြည်သူက ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မာမာဖြစ်စေရန် နိုင်ငံတော်၏ တာဝန်များကို ဥပဒေနှင့်အညီ ခေတ္တတာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်သဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ဆင်ခြင် သုံးသပ်ပြီး နိုင်ငံတော်အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၈ ရက်နေ့တွင် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံစဉ် မှာကြားခဲ့သည်။

 

တပ်မတော်အနေဖြင့် နိုင်ငံတော်ကို မလွှဲမရှောင်သာဘဲ တာဝန်ယူဆောင်ရွက်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် အဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်ထွန်းစေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင်နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမ ဦးစားပေးအနေဖြင့် မဲစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး တွေ့ရှိချက်များကို ထုတ်ပြန်အသိပေးလျက်ရှိသည်။

 

တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ လျော့နည်းလာသည်။ ဆန္ဒပြမှုအရှိန်အဟုန်ကို ဟန့်တားနိုင်သဖြင့် ဆူပူဆန္ဒပြသူများနှင့် ဒုစရိုက်သမားများ ရောထွေး၍ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြောင်းလဲလုပ်ကိုင်လာကြသည်။ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ အုပ်ချုပ်ရေးယန္တရားများကို မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ဗုံးများ၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များအား လက်လုပ်ဗုံးများ၊ တူမီးသေနတ်များ၊ လက်လုပ် သေနတ်များ၊ တုတ်၊ ဓား၊ လှံများဖြင့် စီးနင်းတိုက်ခိုက်ခြင်း တို့ကိုပြုလုပ်လာကြသည်။

 

ထိုသို့ ပြုလုပ်ခြင်းများကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်စိတ်များဖြစ်လာခြင်း၊ မြို့ရွာများ မတည်မငြိမ်ဖြစ်လာခြင်း၊ အုပ်ချုပ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့များ အလုပ်ရှုပ်နေကြသည်ကို မသမာသူများ၊ အဖျက်သမားများ၊ နိုင်ငံရေး အစွန်းရောက်များ၊ မသိနားမလည်သူများက ကျေနပ်အားရဖြစ်နေကြသည်။ လက်ရှိတွင် အကြမ်းဖက်သမား များကလက်လုပ်ဗုံးများ၊ မိုင်းများကို မြို့ပြများတွင် တပ်ဆင်ဖောက်ခွဲ ဆောင်ရွက်ကြခြင်းကြောင့် သေဆုံး၊ ဒဏ်ရာ ရမှုများကို တွေ့ရမည်ဖြစ်သည်။ မသမာသူအဖျက် သမားများသည် ပြည်သူလူထုကြားတွင် ပြည်သူလူထုကို အကာအကွယ်ယူ၍ ပြည်သူလူထုကို ထိခိုက်စေသော အဖျက်လုပ်ရပ်များကို လုပ်ကိုင်လာကြသည်။