နေပြည်တော် မေ ၁၄
ဆောက်လုပ်ရေးဝန်းကြီးဌာန၏ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တံတားဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦး၊ တံတား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ တံတားများ တာဝန်ခံ အင်ဂျင်နီယာ ချုပ်များနှင့် ညွှန်ကြားရေးမှူး ( မြို့ပြ ) များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ် ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ လေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် တစ်ပြိုင်တည်း လမ်း/ တံတား အခွန်အခများ တိုးတက်ရရှိစေရန် B.O.T Task Force များ ဖွဲ့စည်းပြီး B.O.T ကုမ္ပဏီများကို စည်းကမ်းတကျကြီးကြပ်ကာ လမ်းမကြီးများ အဆင့်မြှင့်တင်ခြင်းနှင့် အခွန် အခ များ အပြည့်အဝရရှိရေးကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လမ်းနယ် နိမိတ်ကိစ္စ၊ ကျူးကျော်များကိုလည်း ဥပဒေနှင့်အညီ တစ်ဆင့်ခြင်း စနစ်တကျ ဖြေရှင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရေးအတွက် ဒေသနှင့် လိုက်လျောညီထွေရှိသည့် သစ်ပင်ကြီးများကို မိုးရာသီတွင် စီမံချက်ချ၍ စိုက်ပျိုးပေးရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)များက လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု ၊ လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် အခက်အခဲများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုချင်း အလိုက် ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်စွက် ရှင်းလင်း တင်ပြမှုရာ ပြည်ထောင်စု ဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
(သတင်းစဉ်)