ဒေါသ၊ မောဟ အကုသိုလ်စိတ်များလူတို့၏စိတ်သန္တာန်တွင်ဖြစ်ပေါ်လာသောကြောင့် ဣဿာ၊ မစ္ဆရိယ (မနာလိုခြင်း၊ ဝန်တိုခြင်း)ဟူသည့် တစ်စုံတစ်ရာ၊ တစ်ဦးတစ်ယောက်၊ တစ်ခုခုကို အကောင်းမမြင်နိုင်ခြင်း၊ အသိအမှတ်မပြုနိုင်ခြင်း၊ လက်မခံခြင်း၊ မပြုလုပ်စေလိုခြင်း စသည့်စိတ်ထားများ ထွန်းကားလာပါသည်။ မျက်မှောက်ကာလ၌ လူအများတွင် ထိုကဲ့သို့ စိတ်ထားများ ဖြစ်ပေါ်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပေါ်နေခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ခုခုကြောင့်ဟု အတတ်ပြော၍မရပေ။ လူ၏သဘာဝအရ မိမိတို့စိတ်သန္တာန်တွင် ဖြစ်ပေါ်လာတတ်သော အကုသိုလ်စိတ်များကို ဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲဖြစ်ပေါ်နေသော အကုသိုလ်အမှုများကို ထိန်းချုပ်ခြင်း၊ ဖယ်ရှားခြင်း အလျှင်းမပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။ အကုသိုလ်စိတ်များ ဖြစ်လာရသည်မှာလည်း မိမိတို့ ချစ်ခင်နှစ်သက်၊ လိုလားမှုများ ဆုံးရှုံးသွားသည်ဟု ယူဆမိ၍လည်းကောင်း သို့မဟုတ် လူတို့တွင် အကုသိုလ်စိတ်များ ဖြစ်ပေါ်စေသည့်သွေးကို တစ်စုံတစ်ယောက်က ထိုးပေးလိုက်၍ လည်းကောင်း သို့တည်းမဟုတ် အကုသိုလ်စိတ်တို့မည်သည် ကူးစက်လောင်ကျွမ်းတတ်သည့် သဘောရှိ၍ မိမိပတ်ဝန်းကျင်တွင် အကုသိုလ်စိတ်များ လွှမ်းမိုးနေ၍လည်းကောင်း ဣဿာ၊ မစ္ဆရိယစိတ်များ လူ့လောကတွင် အလျဉ်မပြတ်ဖြစ်ပေါ်လာကာ ငြိမ်းချမ်းသာယာဝပြောမှု ဆိတ်သုဉ်းသော လူ့ပတ်ဝန်းကျင်ဖြစ်ပေါ်လာသည်။ ။ ယနေ့အချိန်အခါတွင် အများပြည်သူတို့၏ အကျိုးစီးပွားများ ဆိတ်သုဉ်းခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်နေသည်ကို သိပါလျက်နှင့် မကောင်းသည့် အကုသိုလ်စိတ်များ ဖြစ်ပေါ်နေသော လူတချို့က အချို့နေရာများတွင် နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းနှင့်အတူ မဟုတ်မမှန် လုပ်ကြံသတင်းများဖြင့် တိုင်းပြည်ကြီး အနီရောင်အဆင့်ရောက်နေပြီ၊ ပျက်စီးခြင်းဖြစ်နေပြီ၊ ကျရှုံးခြင်းဖြစ်နေပြီ စသည်ဖြင့် လူအချင်းချင်းအနေဖြင့် လည်းကောင်း၊ လူမှုကွန်ရက် စာမျက်နှာများပေါ်မှ အနေဖြင့်လည်းကောင်း ပြုလုပ်နေကြသည်ကို တွေ့ရသည်။ ထိုအခါ ဖြစ်ပေါ်ခဲ့သော ပြဿနာအနည်းငယ်တို့ကို အလွန်ကြီးမားသည်ဟုထင်မြင်ယူဆပြီး အများပြည်သူတို့ ထိတ်လန့်စိုးရွံ့နေကြသည်။ အကယ်၍ သင်သည် စဉ်းစားဆင်ခြင်တတ်ပြီး ဥပဒေနှင့်အညီ နေထိုင်တတ်သူ တစ်ဦးဖြစ်ပါက ယနေ့အချိန်အခါတွင်ပင် မြန်မာပြည်တစ်ဝန်းလုံးသို့ လုံခြုံစိတ်ချမှု ရှိစွာဖြင့် သွားလာနိုင်ပြီ ဖြစ်သည်။ မြန်မာပြည်တစ်ဝန်းလုံးနေရာဒေသအနှံ့တွင်လည်း တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ အစည်းများမှာ အေးချမ်းစွာ နေထိုင်သွားလာလျက်ရှိသော ပြည်သူများကို ကာကွယ် စောင့်ရှောက်ပေးလျက်ရှိပြီး လိုအပ်၍အကူအညီ တောင်းခံလာပါက ချက်ချင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်ကို ကိုယ်တိုင်ကွင်းဆင်း သွားရောက်လေ့လာကြည့်လျှင် အထင်အရှား မြင်တွေ့နိုင်မည်ဖြစ်သည်။ ထိုအခါ အစောပိုင်းက မမြင်တွေ့ရဘဲ ကြားသိခဲ့ရသော အဖြစ်အပျက်များမှာ လုပ်ကြံဖန်တီး၊ ချဲ့ကားထားသည်ကို အထင်အရှားမြင်တွေ့ရမည် ဖြစ်သည်။
လတ်တလောတွင် ဘဏ်တွေမဖွင့်နှင့်၊ ခရီးတွေမသွားနှင့်၊ ဈေးတွေမဖွင့်နှင့်၊ ဆိုင်တွေမဖွင့်နှင့် ရုံးတွေမဖွင့်နှင့် ဆေးရုံတွေမဖွင့်နှင့်၊ ကျောင်းတွေမဖွင့်နှင့် စသည်ဖြင့် ဣဿာ၊ မစ္ဆရိယစိတ် များကို လူထုကြားတွင် ပြန့်ပွားအောင်၊ ဖုံးလွှမ်းအောင် လူတစ်စုက ဖန်တီးပြီး လူအများက ယုံကြည်အောင် ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးအစွန်းရောက်များ၊ မသမာသူများ၊ အဖျက်သမားများ၊ မသိနားမလည်သူများက လောကတွင် မကောင်းမှုများ ထွန်းကားလာအောင် ပြုလုပ်ပေးမှုများကြောင့် ပြည်သူများပင် ဒုက္ခအခက်အခဲများ ဖြစ်နေကြသည်ကို မြင်တွေ့ကြရ မည်ဖြစ်သည်။ တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် ဆူပူအကြမ်းဖက်တိုက်ခိုက်၊ လှုံ့ဆော်ဖန်တီးမှုများကြောင့် လူမှုကိစ္စအဝဝတို့သည် ရပ်တန့် တုံ့ဆိုင်းနေခြင်းနှင့်အတူ လူမှုစီးပွားအဆင်မပြေမှုများ လွှမ်းခြုံဖြစ်ပေါ်လာခဲ့ရသည်။ ယင်းသို့ဖြစ်နေ သည်ကို သိပါလျက်နှင့် မပြေပျောက်သေးခြင်းမှာ အကုသိုလ်စိတ်များကို အလျှင်း မပယ်ဖျက်နိုင်သေးသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ဥပမာရှုမြင်မည်ဆိုလျှင် ဆေးမကုသနိုင်ရေး လုပ်ဆောင်မှုများကြောင့် ပြည်သူတို့၏ အသက်ခန္ဓာများ မထိခိုက်သင့်ဘဲ ထိခိုက်ကြရသည်မှာ တရားတော်အရ ကြည့်မည်ဆိုလျှင် မည်မျှအကုသိုလ်အပြစ်ကြီးကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။ ကျောင်းနေအရွယ် ပညာသင်ကြားရမည့် လူငယ်အရွယ်များ ပညာမသင်ကြားနိုင်အောင် တားဆီးမှုများမှာ လူငယ်လူရွယ်များအတွက် ဉာဏ်ပညာမြင့်မားတိုးတက်ရေး နှင့်တိုင်းပြည်၏ အနာဂတ်အကျိုးစီးပွားအတွက် အလွန်ကြီးမားစွာ ထိခိုက်နိုင်သည်ကို ဆင်ခြင်ကြည့်ရန် လိုအပ်သည်။ ထိုသို့ ဣဿာ၊ မစ္ဆရိယ ပိတ်ပင်တားဆီးမှုများ ပြုလုပ်သည့် အကုသိုလ် အကျိုးတရားကို မည်မျှခံကြရမည်ကို တွေးကြည့်လျှင်ပင် အလွန်ကြောက်မက်ဖွယ် ကောင်းလှပါသည်။
သို့ဖြစ်ရာ ဣဿာ၊ မစ္ဆရိယစသည့် မကောင်းသောစိတ်ထားများကို လောဘ။ ဒေါသ၊ မောဟတရား အားကြီးသောပုဂ္ဂိုလ်များ၏ တမင်ဖန်တီးမှုများကြောင့် အများ ပြည်သူတို့၏ စိတ်များတွင်လည်း ကူးစက်လောင်ကျွမ်းခဲ့ရာ ကောင်းသောစိတ်ထား နှလုံးသားများကို သတိကပ်မွေးမြူ၍ လောကအကျိုးစီးပွားများကို ဆောင်ကြဉ်းပေးကြပါရန် တိုက်တွန်းအပ်ပါ ကြောင်း။ ။
ကြေးမုံ, အယ်ဒီတာ့အာဘော်