Skip to main content

ပညာရေးဝန်ကြီးဌာနမှ ရာထူးတိုးခန့်အပ်သော ဒုတိယပါမောက္ခချုပ်များအတွက် အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် မေ ၁၃ ပညာရေးဝန်ကြီးဌာနမှ ရာထူးတိုးခန့်အပ်သော ဒုတိယပါမောက္ခချုပ်များအတွက် အရည် အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။ သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ရာထူးတိုးမြှင့် ခန့်အပ်ခံရသော ဒုတိယပါမောက္ခချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားတွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမှ ပါမောက္ခ (၇၁)ဦး၊ နည်းပညာ/ကွန်ပျူတာ တ္ကသိုလ်များမှ ပါမောက္ခ(၃၄)ဦး စုစုပေါင်း (၁၀၅)ဦးကို ဒုတိယ ပါမောက္ခချုပ် ရာထူးသို့ တိုးမြှင့်ခန့်အပ်နိုင်သည့်အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ပါမောက္ခရာထူးမှ ဒုတိယပါမောက္ခချုပ်ရာထူးသို့ တိုးမြှင့်တာဝန် ထမ်းဆောင်ရာတွင် စီမံခန့်ခွဲရေး တာဝန်များ၊ ဘဏ္ဍာရေးတာဝန်များကို တာဝန်ယူဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိသော်လည်း စီမံခန့်ခွဲရေး နှင့်ဘဏ္ဍာရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ကျွမ်းကျင်မှုရှိရန် အခက်အခဲ ရှိနိုင်ပါကြောင်း၊ ယခုသင်တန်းက ယင်းအခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် တက္ကသိုလ်တစ်ခုလုံး၏ တိုးတက်ရာတိုးတက် ကြောင်းဖြစ်သည့် စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ဘာသာရပ်ဆိုင်ရာသင်ကြားရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန်ထက်မြက်သည့် ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ အစိုးရအဖွဲ့အစည်း မည်သို့ပင်ပြောင်းလဲစေကာမူ ဆရာဆရာမများသည် နိုင်ငံ့ဝန်ထမ်း၊ ပညာရေး ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်အတွက် အနာဂတ် သားကောင်း ရတနာများကို ပြုစုပျိုးထောင် မွေးထုတ်ပေးနေကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် ဆောင်ရွက်ရာတွင်လည်း မာန်မာနမထားဘဲ မိမိပတ်ဝန်းကျင်နှင့် ခင်ခင် မင်မင်ဆက်ဆံကာ စေတနာထား၍ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများ ကြံ့ခိုင်အားကောင်းရန် နေ့စဉ်ဆောင်ရွက်ပြီး စီမံအုပ်ချုပ်ရာ တွင်လည်း စည်းကမ်းဘောင်အတွင်း ကိုယ်ချင်း စာနာစိတ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆရာဟူသော ဂုဏ်သိက္ခာကို ထိမ်းသိမ်းစောင့်ရှောက်၍ ပါမောက္ခချုပ်၏ ဦးဆောင်မှုဖြင့် ဒုတိယပါမောက္ခချုပ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်စေလို ပါကြောင်း၊ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် လက်တွဲ ချိတ်ဆက် ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတာဝန်ကျသည့် တက္ကသိုလ်ကျောင်းရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လိမ္မာရေးခြားရှိအောင် အရည်အသွေးတိုးတက်မြင့်မားအောင် ဆောင်ရွက် ပေးကြစေလိုပါ ကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ရာထူးတိုး ခန့်အပ်သော ဒုတိယပါမောက္ခချုပ်များအတွက် အရည်အသွေးမြှင့်သင်တန်း၏ တန်ဘိုး မဖြတ်နိုင်သော အကျိုးကျေးဇူး များနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ရာထူးတိုးခန့်အပ်လွှာများကို တစ်ဦးချင်းစီသို့ ပေးအပ်ရာ ဒုတိယပါမောက္ခချုပ်ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်း ခံရသူများက လက်ခံ ရယူကြသည်။ ထို့နောက် သင်တန်းကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပသည်။ ပညာရေးဝန်ကြီးဌာနမှ ရာထူးတိုးခန့်အပ်သော ဒုတိယပါမောက္ခချုပ်များအတွက် အရည်အသွေး မြှင့်သင်တန်းကို မေ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိရာ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာန မူဝါဒများခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ဝင်းက သိရှိလိုက်နာ ကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက် ဘာသာရပ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်စီမံခန့်ခွဲမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း ပို့ချလျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)