Skip to main content

အခွန်ကောက်ခံမှုကိစ္စများနှင့် ငွေကြေးလည်ပတ်စီးဆင်းမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၁ ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ LNG တင်သွင်းနိုင်ရေးကိစ္စနှင့် နိုင်ငံတော် အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု ပုံမှန်အခြေအနေသို့ရောက်ရှိစေရန် ကိစ္စဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချလျက်ရှိသော ကုမ္ပဏီများ၏ ပြည်ပမှ LNG တင်သွင်းနိုင်ရေး လိုအပ်ချက်ဖြည့်ဆည်း နိုင်ရေးကိစ္စ၊ လျှပ်စစ် ဓာတ်အားခ ကောက်ခံရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူများသို့ ပွင့်လင်းမြင်သာစွာချပြ ရှင်းလင်းရေး၊ စက်မှုဇုန်များထံမှ ဓာတ်အားခကောက်ခံနိုင်မှု အခြေအနေများ၊ ဓာတ်အားခပေး ဆောင်မှုကို အီလက်ထရောနစ်ငွေပေးချေမှုစနစ်၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များဖြင့် ပေးဆောင်နိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြ ချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးကြသည်။ အစည်းအဝေး ဒုတိယပိုင်းတွင် အခွန်ကောက်ခံမှုကိစ္စရပ်များနှင့် ဘဏ်များ၏ ငွေကြေး လည်ပတ်စီးဆင်းမှုအခြေအနေများအပေါ် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏ ရှင်းလင်းတင်ပြမှုများအပေါ် ဝိုင်းဝန်းဆွေးနွေးကြသည်။ ရှင်းလင်းဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေးနှစ်အတွင်း ရသင့်ရထိုက်သော အခွန်အကောက်နှင့် လျှပ်စစ်ဓာတ်အားခတို့အပါအဝင် နိုင်ငံတော်၏ ရငွေလျာထားချက်အတိုင်း ကောက်ခံရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန် ဖြစ်ကြောင်း၊ ငွေပေးချေမှုစနစ်နှင့်စပ်လျဉ်း၍ ငွေသားသုံးစွဲမှုများကို လျှော့ချပြီး စာရင်း ပြောင်းပေးချေမှုနည်းလမ်း၊ ချက်လက်မှတ်၊ ငွေပေးအမိန့်များ အသုံးပြုပေးချေသည့်နည်းလမ်း၊ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များ အသုံးပြုပေးချေသည့် နည်းလမ်းများကို တွင်ကျယ်စွာအသုံးပြုကြရန် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘဏ်များသို့ ငွေသားပေးသွင်းမှု၊ ဘဏ်များမှ ငွေသားထုတ်ယူမှုများကို စောင့်ကြည့်စိစစ်ရန် လိုအပ်ကြောင်း၊ အခွန်ပေးဆောင်မှု၊ လျှပ်စစ်ဓာတ်အားခပေးဆောင်မှုစသည့် နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကို ပြည်သူများ လွယ်ကူလျင်မြန်စွာပေးသွင်းနိုင်ရေး စီစဉ် ဆောင်ရွက်ပေးပြီး ပြည်သူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန်လိုအပ်ကြောင်း၊ နိုင်ငံပိုင်ဘဏ်များနှင့်အတူ ပုဂ္ဂလိကဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်ရေးနှင့် ငွေကြေးလည်ပတ်စီးဆင်းမှုများ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေး၊ ပြည်သူများ၏ ဘဏ်စနစ်အပေါ် ယုံကြည်မှုအပြည့်အဝ ရရှိစေရေးတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်အတူ မိမိတို့အားလုံးက ဝိုင်းဝန်းပူးပေါင်း ဖြေရှင်း ဆောင်ရွက်သွားကြရန် သုံးသပ်ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)