မတရားအသင်းအဖြစ် ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် ၎င်းတို့ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟု ခေါ်ဆိုသည့် တရားမဝင်အစိုးရတို့သည် CDM တွင် ပါဝင်လှုပ်ရှားသူများအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ တွန်းအားပေးခြင်းတို့ကို တစိုက်မတ်မတ် ပြုလုပ်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်လုပ်ရပ်များကို ပြည်တွင်း၌ လုပ်ဆောင်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟူ၍ ထပ်မံဖွဲ့စည်းကာ အဖျက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် ၎င်းအကြမ်းဖက်သမားများ၊ အဖျက်သမားများအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မေလ ၈ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အကြမ်းဖက်အုပ်စုများ၏ ဦးဆောင်သူများကလှုံ့ဆော်အားပေးမှုကြောင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ လူသတ်ခြင်းအထိ ပြုလုပ်လာခဲ့ကြသည်။ ၎င်းတို့၏လှုံ့ဆော်အားပေးမှုကြောင့် မြို့ပြနေလူငယ်အချို့ ကဒေသန္တရကာကွယ်ရေး တပ်ဖွဲ့ဟု အမည်တပ်ကာ လက်နက်ကိုင်အကြမ်းဖက်သည့် အဖျက်လုပ်ရပ်များကို လုပ်ကိုင်လာကြသည်။
CRPH နှင့် ၎င်းက ဖွဲ့စည်းသည့် NUG သည် ၎င်းတို့အာဏာပြန်လည်ရရှိရေး အတွက် နိုင်ငံတကာအကူအညီမရရှိသဖြင့် ပြန်လမ်းမရှိသော အဖျက်လုပ်ရပ်များကို လုပ်ဆောင်လာကြရာတွင် ဦးစွာ နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် လှုံ့ဆော် ခြင်း၊ ၎င်းတို့အစိုးရဖြစ်လာလျှင် နေရာပြန်ပေးမည်၊ ယခု လစာထောက်ပံ့ပေးမည် စသည့် မက်လုံးအမျိုးမျိုးပေးပြီး စည်းရုံးခဲ့ကြရာ စိတ်အခံရှိပြီး နားယောင်ကြသည့် ဝန်ထမ်းများက CDM ပြုလုပ်ခဲ့ကြသည်။ နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာရှိစွာ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော CDM မလုပ်သည့်ဝန်ထမ်းများအား ခြိမ်းခြောက် ခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖိအားပေးခြင်းများ တစိုက်မတ်မတ် ပြုလုပ်လျက်ရှိသည်။ ယခုအခါတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် ကျောင်းများပြန်လည်ဖွင့်လျက်ရှိရာ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများအား ကျောင်းမတက်ရန် လှုံ့ဆော်ခြင်း၊ ကျောင်းတက်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခြင်း၊ ဗုံးခွဲခြင်း၊ မီးရှို့ခြင်းတို့အထိ အဆုံးစွန် အဆိုးရွားဆုံးလုပ်ဆောင်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့အပြင် CRPH နှင့် ၎င်းကဖွဲ့စည်းသည့် NUG သည် ဖက်ဒရယ်တပ်မတော် တည်ထောင်ရေးအထိ တစ်ဆင့်တိုးလုပ်ဆောင်လာကြရာ တောမီးလောင် တောကြောင်လက်ခမောင်းခတ်လိုသော မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့တောင် ပိုင်းမှ လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ၎င်းတို့၏အုပ်စုများက ရှေးယခင်ပြုလုပ် နေကျအဖျက်လုပ်ရပ်များအဖြစ် အများပြည်သူအခြေခံအဆောက်အအုံများ၊ တပ်ရင်းတပ်ဖွဲ့စခန်းအချို့တို့အား အင်အားအများအပြားဖြင့် အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။ ယင်းသို့တိုက်ခိုက်လာမှုများကို အစဉ်အလာကြီးမားသောတပ်မတော်သည်ရဲဝံ့စွန့်စားစွာဖြင့် အသက်နှင့်ခန္ဓာများကို ပဓာနမထားဘဲ ပြည်ထောင်စုကြီး မပြိုကွဲစေရန်အတွက် ပြန်လည်ခုခံတွန်းလှန် တိုက်ထုတ်လျက်ရှိသည်။
တိုင်းပြည်ပြိုကွဲစေရန်၊ ပျက်စီးစေရန် အဖျက်လုပ်ရပ်များလုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းအမျိုးမျိုးရှိသည့်အနက် ပြည်တွင်းပြည်ပ မီဒီယာများကလည်း တိုင်းပြည်ပျက်စီးစေရန် မီးလောင်ရာလေပင့်သကဲ့သို့ မဟုတ်မမှန်သတင်းများ၊ ဟုတ်မှန်သော်လည်း လိုသည်ထက်ပို၍ ချဲ့ကားထားသော ပုံကြီးချဲ့လုပ်ကြံသည့် အဖျက်အမှောင့်သတင်းများကို နေ့စဉ်တစိုက်မတ်မတ် လွှင့်ထုတ်ပေးလျက်ရှိသည်။ တိုင်းပြည်ပျက်စီးစေနိုင်သော အကြောင်းတရားများတွင် တိုင်းသူပြည်သားများ အထင်အမြင်လွဲမှားစေပြီး ယုံကြည်မှုပျက်ပြားစေသော၊ အမုန်းတရားများ ပြင်းထန် စေသော ဖန်တီးလှုံ့ဆော်မှုသတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်မှ တစ်ဆင့် မြန်မာပြည်သူပြည်သားများအချင်းချင်း ဖျက်လိုဖျက်ဆီး သွေးထိုး လှုံ့ဆော်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန်အတွက် တိုင်းပြည် နှင့်လူမျိုးကို အသက်ပေးကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်အနေဖြင့် ယနေ့ ဆောင်ရွက်ချက်များသည် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းကာ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာစေရေးဖြစ်ရာ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ စစ်မှန်သောလိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အကြမ်းဖက်အဖျက်လုပ်ရပ်လုပ်ကိုင်နေကြသော အဖျက်သမားများ၊ အဖျက်အုပ်စုများအား အမြစ်ကပါမကျန် ချုပ်ငြိမ်းစေရန် အစွမ်းကုန်တိုက်ဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။