Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 နေပြည်တော်၊ မေ ၇

မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ဆောင်ရွက်မည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉) နာရီ တွင် နေပြည်တော် ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည်။

 အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများသည် သက်ဆိုင်ရာ ဒေသရုံး အသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။  

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်က  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏  လမ်းညွှန်ချက်အရ မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍  ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း တိုင်းရင်းသားများဖြစ်သည့် မွေးရာပါနိုင်ငံသားများအပြင် တိုင်းရင်းသား မဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားအရည်အချင်းရှိသည့် ဥပဒေအရ နိုင်ငံသားများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ဌာနမှပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့် အညီ အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသား ပြုခွင့်ရသူများ စသည်ဖြင့် ဥပဒေနှင့် အညီ နိုင်ငံသားဖြစ်တည်မှုအရည်အချင်းပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို မိမိတို့ဌာနမှ  ခေတ်အဆက်ဆက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသည်မှာ အားလုံးအသိပင်ဖြစ်ပါ ကြောင်း။

ယင်းလုပ်ငန်းကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ နှင့်ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး မရှိသေးသူများ ရှိနေကြဆဲဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအနက် လူဦးရေ (၄ ဒသမ ၆) သန်းကျော်သည် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးမရှိဘဲ မဲစာရင်းမှာပါဝင်နေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ မဲစာရင်းများကို ပြန်လည်စိစစ်ရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားရှိပြီးဖြစ်သော်လည်း မဲစာရင်းတွင် (နိုင်) နံပါတ် ကွက်လပ်ဖြစ်နေသူများ ၊ ဥပဒေအရ မဲပေးပိုင်ခွင့် မရှိသူများပါဝင်နေပြီး မဲပေးခွင့်ရှိပြီး မဲစာရင်းမှာ ထည့်သွင်းထားသော်လည်း မည်သည့် ကတ်မျှကိုင်ဆောင်ထားခြင်းမရှိသူမှာ (၂) သန်းခန့် ရှိနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ဦးစားပေးဆောင်ရွက်ပေးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးအတွက် မိမိတို့ဌာနမှ ပန်းခင်းစီမံချက် ရေးဆွဲ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

 အဓိကအားဖြင့် နိုင်ငံသားသတ်မှတ်ချက်နှင့် ပြည့်စုံသော်လည်း အိမ်ပိုင်၊ ယာပိုင်မရှိ၊ အိမ်ထောင်စုစာရင်းမရှိသော နိုင်ငံသားများအား နိုင်ငံသား အခွင့်အရေးအပြည့်အဝရရှိစေရန် ဥပဒေနှင့် အညီစိစစ်၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရ မည့်လူဦးရေမှာ ပြီးခဲ့သည့်မဲဆန္ဒရှင်စာရင်းအရ ဆောင်ရွက်ပေးရန်ကျန်ရှိသူ (၂) သန်းခန့်၊တိုင်းဒေသကြီး/ ပြည်နယ်များ၏ အိမ်ထောင်စုစာရင်းအရ ဆောင်ရွက်ပေးရန် ကျန်ရှိသူ (၁) သန်း (၃) သိန်းကျော် နှင့် ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက် အတွင်း တိုးလာမည့် အသက် (၁၈) နှစ် နှင့်အထက် လူဦးရေ (၅) သိန်းကျော်ရှိသောကြောင့် စုစုပေါင်းလူဦးရေ (၃ ဒသမ ၈) သန်းကျော်ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်တွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ပေးရမည့် အရေအတွက်ကို အသေးစိတ် တွက်ချက်ရေးဆွဲထားပါကြောင်း၊ ပန်းခင်းစီမံချက်ကို မိမိတို့ဌာနက တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သော်လည်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် လုပ်ငန်း စီမံချက်များကို တာဝန်ရှိသူများ သိရှိနားလည်သဘောပေါက်စေရေးအတွက် အသေးစိတ် ရှင်းလင်း ဆွေးနွေးရန်  အရေးကြီးပါကြောင်း။

ဒေသအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် ကာယကံရှင်မှ အထောက်အထားတင်ပြရမည့် ကိစ္စရပ်များကိုလည်း ကာယကံရှင်များမှ ပြည့်ပြည့်စုံစုံပေးနိုင်ရေးနှင့် ဓာတ်ပုံရိုက်ကူးရန်၊ သွေးအမျိုး အစား စစ်ဆေးရန်ကိစ္စရပ်များကို ဒေသအာဏာပိုင်အဖွဲ့အစည်းများမှ လိုအပ်သလို ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင်စီစဉ် အသိပေးဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးရေးနှင့် ပတ်သက်၍ ညွှန်ကြားဖွဲ့စည်း ပေးထားသည့် မြို့နယ် အရာထမ်းအဆင့်()ဦးကော်မတီ၏ စိစစ်ထောက်ခံချက်များ ပြည့်စုံရန်နှင့် ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက် ထုတ်ပေးကြရန် လိုအပ်ပါကြောင်း၊ စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုနှင့် နယ်မြေဒေသ အခြေအနေပေါ် မူတည်၍ ဦးစားပေးအစီအစဉ်များကို စနစ်တကျ သုံးသပ်တွက်ချက်ကာ အသေးစိတ်စီမံချက် ရေးဆွဲဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစတင်ချိန်သည် မိုးတွင်းကာလဖြစ်သည့်အတွက် ယင်းကာလအတွင်း သက်ဆိုင်ရာမြို့နယ်ရုံးများ၌သာ အခြေပြု ဆောင်ရွက်နိုင်ရေးနှင့် အခြေအနေအရ နေရာအခက်အခဲရှိပါက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခန်းမများတွင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  ပွင်းလင်းရာသီ ရောက်ချိန်တွင် ဒုတိယဦးစားပေးအနေဖြင့် လုပ်ငန်းပမာဏများပြားသည့် ဒေသနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးရန်အတွက် စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရုံးချုပ်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများထံ အချိန်နှင့်တစ်ပြေးညီ အသိပေး ရှင်းလင်းတင်ပြနေကြရန် လိုအပ်ပါကြောင်း၊ မိမိလက်အောက် ဝန်ထမ်းများကိုလည်း လုပ်ငန်းအခြေ အနေများကို အသေးစိတ်ရှင်းလင်းချပြကြရန်နှင့် ၎င်းတို့၏ အခက်အခဲများ ကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ ပန်းခင်းစီမံချက်သည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအားလုံးသည် ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အရိုးကြေကြေ အရေခမ်းခမ်း အောင်စိတ်မွေးကာ ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် သည် မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားအခွင့်အရေးရရှိ ခံစားနိုင်ရေးအတွက် နိုင်ငံသား အထောက်အထားတစ်ခု ဆောင်ရွက်ပေးရသည့် လုပ်ငန်းဖြစ်ခြင်းကြောင့် များစွာအကျိုးရှိပါ ကြောင်း။

 စီမံချက်အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ကြရေး၊ ပွဲပြီးမီးသေမဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရ မည့်လုပ်ငန်းဖြစ်ပြီး နိုင်ငံသားတစ်ဦး၏ အချက်အလက်များဖြစ်သည်နှင့်အညီ စနစ်တကျစာရင်း ပြုစုထိန်းသိမ်းကြ ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  ဌာန၏ဝန်ထမ်းများသည် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးခြင်း လုပ်ငန်းအပြင် ဌာန၏မူလတာဝန်များကိုပါ ကျေပွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏနှင့် ဦးစားပေး အလိုက်ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များ၊ တွေ့ကြုံနိုင်သည့် လုပ်ငန်း အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန် လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြပြီး အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက ပန်းခင်းစီမံချက်နှင့် လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်က တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းများ အနေဖြင့် ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် စစ်ဆင်ရေးတစ်ရပ်အသွင် အလေးထားကာ အင်တိုက်အား တိုက် ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)