Skip to main content

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ရေဆင်းငါးလုပ်ငန်းစခန်းအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းတွင် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ငါးသားပေါက်ထုတ်လုပ်ဖြန့်ချိနေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းစခန်းအတွင်း မျိုးငါးကန်၊ ပြုစုကန်နှင့် ညွှန်ကြားရေးမှူး ဒေါ်ညိုညို အေးက ရေဆင်း ရေလှောင်ကန်များ ဖွဲ့စည်းထားရှိမှု၊ ငါးသားပေါက်များ မွေးမြူထုတ်လုပ်ဖြန့်ချိနေမှု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငါးမျိုးစိုက်ထည့်မည့် အခြေအနေများနှင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP) စနစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဈေးကွက်ဝင်ငါးတိုးချဲ့ မွေးမြူ ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဈေးကွက်ဝင်ငါးများ တိုးချဲ့မွေးမြူ ဆောင်ရွက်သွားနိုင်ရေး၊ ရာသီဥတု ဒဏ်ခံ၊ အကြမ်းခံငါးမျိုးစိတ်များ မွေးမြူဆောင်ရွက်ရေးနှင့် ငါးများတွင် ဖြစ်ပွားတတ်သည့်ရောဂါများကို အထူးဂရုပြု ဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က အသားစားငါး မွေးမြူခြင်း လုပ်ငန်းများအပြင် အလှမွေးငါးမွေးမြူဖြန့်ချိခြင်း လုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးနှင့် ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ဒေသအတွင်းရှိ ကန်၊ အင်း၊ အိုင်များအတွင်း ငါးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျတိုးချဲ့ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးသည်။

ငါးသားပေါက်ထုတ်လုပ် ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရေဆင်းငါးလုပ်ငန်း စခန်းအတွင်း မျိုးငါး ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ငါးသားဖောက်ခြင်းလုပ်ငန်းများနှင့် ငါးသားပေါက် ထုတ်လုပ်ဖြန့်ချိခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးနှင့် ရေဆင်းငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးစိုးပိုင်တို့က လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ငါးသားပေါက် သိန်း ၄၀ ရေဆင်းငါးလုပ်ငန်းစခန်းအတွင်း မျိုးငါးကန် ၁၂ လုံး၊ ပြုစုကန် ၄၀နှင့် ရေလှောင်ကန် နှစ်လုံးတို့ ဖြင့် မျိုးငါးထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ငါးသား ဖောက်ခြင်းလုပ်ငန်းများနှင့် ငါးသားပေါက် ထုတ်လုပ်ဖြန့်ချိခြင်းလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိပြီး နေပြည်တော် ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငါးသားပေါက်ကောင်ရေ သိန်း ၄၀ ကို ဒေသအတွင်းရှိ ဆည်တာတမံများ၊ မြစ်ချောင်းအင်းအိုင်များနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများထံ ထုတ်လုပ်ဖြန့်ဖြူး သွားနိုင်ရေးလျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်မင်းလွင်(ပြန်/ဆက်)