ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပတ်သက်လျှင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နေရပ်စွန့်ခွာမှုအပေါ် လူ့အခွင့်အရေးရှုထောင့်တစ်ဖက်တည်းမှ ရှုမြင်ကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဖိအားပေးခြင်းဖြင့် ကျိုးကြောင်းဆီလျော်မှန်ကန်သည့်ရလဒ် ရရှိနိုင်မည်မဟုတ်သည်ကို ဆယ်နှစ်ဆယ်မိုးကြာမြင့်ခဲ့ပြီဖြစ်သည့် အချိန်ကာလက သက်သေတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ကုလသမဂ္ဂတွင် တရားဝင် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်မရှိခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ သတင်း အချက်အလက်များကို မြန်မာနိုင်ငံအား ဆန့်ကျင်နေသည့် အရင်းအမြစ်များမှ ရယူခြင်း၊ အနောက်အုပ်စုမီဒီယာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မျှတမှုကင်းမဲ့သော သတင်းအဆိုးများကိုသာ အမြဲတစေမြင်တွေ့နေရခြင်းစသည်တို့က မြန်မာနိုင်ငံကို အဆိုးမြင်ဖြင့်သာ မြင်စေသည်။
မြန်မာတို့၏ အမြင်အရမူ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းအရေးသည် နောက်ကွယ်မှ စီစဉ်ညွှန်ကြားမှုများ၊ ကူညီပံ့ပိုးမှုများဖြင့် အကွက်ချဖန်တီးပြုလုပ်သည့် ပြဿနာတစ်ခုသာဖြစ်သည်။ ယင်းပြဿနာသည် ရခိုင်မြောက်ပိုင်းတွင် အမှန်တကယ်နေထိုင်ခဲ့သူများကို ခိုင်မာသော အထောက်အထားများဖြင့် စိစစ်၍ မှန်ကန်သူအားလုံးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံနိုင်ခဲ့လျှင်ပင် ပြီးဆုံးမည့်ပြဿနာမဟုတ်။ ရခိုင်မြောက်ပိုင်းပြဿနာကို ဖန်တီးခဲ့သူတို့၏ အန္တိမရည်မှန်းချက်သည် မြန်မာနိုင်ငံတွင် တရားဝင်နေခဲ့သူ ဘင်္ဂါလီများ ၎င်းတို့ ယခင်နေထိုင်ခဲ့ သည့်နေရာများသို့ ပြန်ဝင်ရောက်ရုံမျှသက်သက်သာမဟုတ်သည်ကို မြန်မာလူမျိုးအားလုံးက သိနေကြသည်။ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအနက်မှ မြန်မာနိုင်ငံဘက်က စိစစ်အတည်ပြုနိုင်ခဲ့သူများကို ပြန်လည်လက်ခံရန်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ နှစ်ဖက်ညှိနှိုင်း၍ မြန်မာဘက်က အဆင့်မြင့်တာဝန်ရှိသူများအပါအဝင် အဆင်သင့်စောင့်ဆိုင်းခဲ့ကြသော်လည်း ရောက်မလာခဲ့သည့်ဖြစ်စဉ်များ တစ်ကြိမ်မက ရှိခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ဇွန်လ ၂၉ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံစာကိုတင်သွင်းခဲ့ပြီး အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း ဇူလိုင်လ ၇ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဘဲ အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါအစီရင်ခံစာနှင့် ဆုံးဖြတ်ချက်အဆိုစသည်တို့မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရှေးနည်းများအတိုင်းပင် ထပ်တလဲလဲဖော်ပြချက်များ၊ အလွန်အမင်းအစွန်းရောက်သည့်အမြင်များ၊ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာ ပါရှိနေပြီး ပကတိမြေပြင်အခြေအနေနှင့် လွန်စွာကင်းကွာနေကြသည်။
ယခုအခါတွင် မြန်မာနိုင်ငံသည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်များနှင့် ရွေးကောက်ခံအစိုးရတစ်ရပ်တို့က နိုင်ငံ၏ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ကို စွဲကိုင်ကျင့်သုံးဆောင်ရွက်လျက်ရှိနေချိန်ဖြစ်သည်။ အစိုးရနှင့်တပ်မတော်တို့သည် နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဖိတ်ခေါ်မှုများ၊ ဆွေးနွေးမှုများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ ထောင်နှင့်ချီ၍ အမြောက်အမြား ရှိနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်သွားသူများ ပြန်လည်လက်ခံရေးကိစ္စမှာလည်း လက်ရှိရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် နယ်မြေတည်ငြိမ်အေးချမ်းမှုများပျက်ပြားနေသည့်အခြေအနေမှ ဒေသလုံခြုံရေးနှင့်တည်ငြိမ်ရေးအခြေအနေများ ပြန်လည်ကောင်းမွန်လာပါက နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ စိစစ်ပြီးစီးသည့် နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောနိုင်ငံရေး ဆန္ဒရှိပြီးဖြစ်သည်။
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာတို့က အလိုလားဆုံးပင်ဖြစ်ရာ မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လမ်းစဉ်ဖြင့် မဆုတ်မနစ် ဆက်လက်ဆောင်ရွက်သွားမည်သာဖြစ်သည်။ နောက်ကွယ်မှ အကျိုးစီးပွားအမျိုးမျိုး၊ အာဂျင်ဒါအမျိုးမျိုးတို့အတွက် လူ့အခွင့်အရေးကို ခေါင်းစဉ်တပ်၍ ကုလသမဂ္ဂပလက်ဖောင်းကိုအသုံးချကာ မြန်မာနိုင်ငံကို ဖိအားအမျိုးမျိုးပေးနေခြင်းကိုလည်း မြန်မာလူမျိုးအားလုံးက လုံးဝရှုတ်ချသည်။ မြန်မာနိုင်ငံသည် တာဝန်သိကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို မှန်ကန်စွာ သိနားလည်ပြီး မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘော ဝိုင်းဝန်းကူညီပါရန် တိုက်တွန်းလိုက်ပါကြောင်း။ ။
