Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊  ပုလော၊ မြိတ်၊ ကျွန်းစု မြို့နယ်များရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်း များ စစ်ဆေးရန် ဧပြီ ၂၉ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်ဇေယျနှင့် တာဝန်ရှိသူများနှင့်အတူ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်၊ ကင်းပွန်းချောင်း - ပေါက်ပင်ကွင်း - မလွှဲတောင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အတက်အဆင်း ကြမ်းသည့် နေရာများ၌ ၁/၂ ဒသမ ၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပေ  ၃၀ တံတားတည် ဆောက်ခြင်းလုပ်ငန်း၊ ပေ ၁၂၀  တံတား ၁ စင်း တည်ဆောက် ခြင်းလုပ်ငန်း၊ ၁၀ ပေ တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ရာဖူး-စိန်ဘုံလမ်း ၅/၁ မိုင် ပေါ်တွင် ၁၂ ပေ တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့် ရှုစစ်ဆေးရာ သက်ဆိုင်ရာ တင်ဒါအောင်ကုမ္ပဏီ တာဝန်ခံအင်ဂျင်နီယာများက ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ရှင်းလင်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး၊ သတ်မှတ်ပုံစံအတိုင်း ဆောင်ရွက်ရေး၊ လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းပြည့်မှီစေရေး ဆောင်ရွက် သွားရန် မှာကြားသည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ် အတွင်းကျေးရွာချင်းဆက်လမ်းများ ဆက်သွယ်ရေးကောင်းမွန် စေရေး နှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နယ်စပ် ဒေသဖွံ ဖြိုးရေးလုပ်ငန်း များဖြစ် သည့် ကျောက်လမ်း(၁) မိုင်၊ ကွန်ကရစ်လမ်း ၁/၂ ဒသမ ၄မိုင်၊ အမာခံလမ်း၄/၀ မိုင်၊ ကွန်ကရစ်တံတား ပေ ၁၀၀ တံတား ၁ စင်း၊ ၁၀ ပေတံတား ၁ စင်း၊ ပေ ၁၂၀ တံတား  ၁ စင်း၊ ပေ ၃၀ တံတား ၁  စင်း၊ ၁၂ ပေ တံတား ၁ စင်းတို့ကို ခွင့်ပြုရန်ပုံငွေကျပ် ၁၀၆၉ ဒသမ ၇၁၆ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

          ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၃၀ ရက်နံနက်ပိုင်းတွင် ထားဝယ် - လောင်းလုံ - သရက် ချောင်းမြို့များသို့ သောက်သုံးရေ ဖြန့််ဝေနိုင်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအား သွားရောက် လေ့လာကြည့်ရှုရာ တိုင်းဒေသကြီး စည်ပင်သာယာ ရေးညွှန်ကြားရေးမှူးက လုပ်ငန်းများဆောင်ရွက် မှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ ဝန်ထမ်းများနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်စက်မှုလက်မှုသင်တန်းကျောင်း (ထားဝယ်)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ထားရှိအပ်သည့် နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာဖြင့် နိုင်ငံတော် အပေါ်သစ္စာရှိရှိ တာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားပေးသည့် နည်းပြများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ကြားပေးမှုအပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေရေးအတွက် သင်ကြားပေးရန်လိုအပ်ကြောင်း၊ နည်းပြများ အနေဖြင့်လည်း ဘာသာရပ်ဆိုင်ရာများကို စဉ်ဆက်မပြတ် လေ့လာရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင် ပညာရပ်ပိုင်းပြည့်စုံမှသာ သင်တန်းသားများကို ထိရောက်စွာ သင်ကြားပြသနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းကျောင်းဝန်းအတွင်းနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မှုအခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ် ဆေးသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းသီလာ ကျေးရွာအုပ်စုရှိ မဒေါလမ်းဆုံ-သပြုပြင် ကျေးရွာချင်း ဆက်လမ်း ၅/၀ မိုင် အနက် အပြီးသတ် ကျောက်လမ်း ၃/၀ မိုင် ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ယင်းလမ်း ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် လိုအပ်သည့် Box Culvertများနှင့် တံတားများ ထပ်မံ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ မြိတ်မြို့မှကျွန်းစုမြို့သို့ ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကမ်းဇော်တော ဆည်ရေတားတမံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် အေးရိပ်ငြိမ် တစ်ဖက်ပိတ် ဆည်အဆင့်မြင့် တင်ဆောက်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

          ပြည်ထောင်စုဝန်ကြီးသည် မေ ၁ ရက်နံနက်ပိုင်းတွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီး ကျေးရွာအုပ်စု၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်လမ်း ၁၁/၀ မိုင် အနက်  မြေသားလမ်း ၄/၀ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် သံကူကွန်ကရစ် ပေ ၃၀ တံတား တည်ဆောက်ခြင်းလုပ်ငန်း များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြိတ်မြို့သို့ ဆက်လက် ထွက်ခွာ၍ မြိတ်ခရိုင်ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးရှိ ဝန်ထမ်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းရှိ ဝန်ထမ်း များနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး အိမ်တွင်းမှု သင်တန်းကျောင်းဖွင့်လှစ်ရန် ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)