Skip to main content

ဒေသခံများအတွက် ကောင်းမွန်သောအနာဂတ် ပြင်ဦးလွင်စိမ်းလန်းစိုပြည်ရေး စီမံကိန်း

ပြင်ဦးလွင်မြို့သည် သမိုင်းကြောင်းအစဉ်အလာအရ ထင်ရှားသည့် တောင်ပေါ်မြို့တစ်မြို့ဖြစ်သကဲ့သို့ သာယာလှပသည့် မြို့လည်းဖြစ်သည်။ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် ခရစ်နှစ် ၁၇၈၇ ခုနှစ် မတိုင်မီကတည်းကပင် ပြင်ဦးဟူသောအမည်ဖြင့် ရွာတည်ရှိနေပြီဖြစ်ကာ ၁၈၅၀ ပြည့်နှစ်တွင် ပြင်ဦးလွင်ရွာအဖြစ် ရောက်ရှိခဲ့သည်ဟု မြို့သမိုင်းအချို့ကဆိုသည်။

ပြင်ဦးလွင်ကို တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့သူတို့မှာ နယ်ချဲ့အင်္ဂလိပ်တို့ဖြစ်ပြီး ၁၈၉၇ ခုနှစ်တွင် မြို့၏အမည်ကို မေမြို့ဟု ထုတ်ပြန်ကြေညာကာ စတင်တည်ဆောက်ခဲ့သည်။ မြို့ကို ဖြတ်သန်းစီးဆင်းသည့် ဂဲလောင်ချောင်းကို အလယ်မှထားကာ မြို့အရှေ့ခြမ်း၊ အနောက်ခြမ်း ခွဲခြားသတ်မှတ်တည်ဆောက်ပြီး မြေပြန့်ပိုင်းကို တိုင်းရင်းသားများအတွက် သတ်မှတ်ပေးသည်။ မြို့ပတ်လမ်းနှင့် ဥရောပတိုက်သားများအတွက် တောင်ကုန်းများပေါ်တွင် ကျယ်ဝန်းသည့် ခြံမြေများသတ်မှတ်ခဲ့သည်။ လမ်းများနံဘေးတွင်လည်း ဥရောပဆန်ဆန် မြင်ကွင်းမျိုးဖြစ်စေရန် ထင်းရှူး၊ ချယ်ရီ၊ ယူကလစ်၊ ခါတော်မီ၊ ပရုတ် စသည့်အပင်များ စိုက်ပျိုးခဲ့သည်။ မြို့တွင်း၊ မြို့ပြင်၊ မြို့ပတ်လမ်းများဖောက်လုပ်ရာတွင် မြို့ကွက်ဆန်ဆန် လေးထောင့်ကွက်ပုံစံမယူဘဲ မူလမြေအနေအထားအတိုင်း ကွေ့ဝိုက်ယူကာ တောတောင်ရေမြေရှုခင်းရှုကွက်များ မပျက်စီးစေဘဲ ကြည်နူးဖွယ်ဖြစ်စေခဲ့သည်ဟု ဆိုသည်။

သို့ဖြင့် ပြင်ဦးလွင်ရွာအဖြစ် တည်ရှိစဉ် ၁၈၉၁ ခုနှစ်က လူဦးရေ ၁၆၆၅ ယောက်ရှိရာမှ ရထားလမ်းပေါက်ပြီး ၁၉၀၁ ခုနှစ်တွင် လူဦးရေ ၆၂၂၃ ယောက်၊ နောက် ၁၀ နှစ်ကြာသည့်အခါ ၁၁၉၇၄ ယောက်ဖြစ်လာသည်။ မျက်မှောက်ကာလ ပြင်ဦးလွင်မြို့နယ်တွင် လူဦးရေနှစ်သိန်းခွဲကျော် နေထိုင်နေကြပြီဖြစ်သည်။ “ ပြင်ဦးလွင်မြို့တော်သည် အပန်းဖြေမြို့တော်ဖြစ်ပြီး လက်ရှိအချိန်၌ ခေတ်စနစ်နှင့် လူနေမှုပုံစံများ တိုးတက်ပြောင်းလဲလာခြင်း၊ ဒေသတွင်းနေထိုင်သူများပြားလာခြင်းများကြောင့် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းမှာ ကျဆင်းလျက်ရှိကြောင်း၊ ပြင်ဦးလွင်ဒေသကို ချယ်ရီမြို့တော်အဖြစ် ပြန်လည်အသက်သွင်းနိုင်ရေး မိမိအနေဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး အကောင်အထည်ဖော်စေလျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုညီညွတ်မျှတမှုနှင့် စိမ်းလန်းစိုပြည်မှုကို ဖြစ်ပေါ်စေနိုင်သည့် ထင်းရှူးပင်၊ ခါတော်မီပင်၊ စိန်ပန်းပြာပင်များကိုလည်း တစ်အုပ်တစ်မ ပြန်လည်စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ဒေသ၏ ထူးခြားသည့် ဝိသေသများဖြစ်သည့် ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဆိုသည့် အမည်နာမကို ပြန်လည်အသက်သွင်း အကောင်အထည်ဖော်ပေးရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၁၁ ရက် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့၏ အစဉ်အလာကောင်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေး ဆွေးနွေးမှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒေသ၏ အေးမြသည့် ရာသီဥတုအပါအဝင် သစ်ပင်သစ်တောများဖြင့် ပိုမိုစိမ်းလန်းစိုပြည်သော၊ ကျန်းမာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော၊ သန့်ရှင်းကောင်းမွန်သော စံနမူနာထားရသည့် မြို့ပြတစ်ခုအဖြစ် ပြင်ဦးလွင်မြို့ကို နောင်မျိုးဆက်သစ်များအား လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ယခုနှစ်ကစပြီး ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းစီမံကိန်းကို ပြင်ဦးလွင်မြို့၏ တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် သစ်တောစိုက်ခင်းများ ထုနှင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေပြီး ယခုနှစ်စိမ်းလန်းစိုပြည်ရေး စိုက်ခင်းဧက ၂၀၀၀ ကို စိုက်ကွက် ၁၅ ကွက်၊ သစ်မျိုး ၁၉ မျိုး၊ ပျိုးပင်ပေါင်း လေးသိန်း စတင်စိုက်ပျိုးလျက်ရှိသည်။

 စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင်မြင်စေရန် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ရာ စိုက်ကွက်များအတွင်း သေပင်များဖာထေးခြင်း၊ ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ မီးကာကွယ်ခြင်းလုပ်ငန်းတို့ကို ရာသီအလိုက် ဆောင်ရွက်သွားကြရန်၊ လူနှင့်တိရစ္ဆာန်များ ဖျက်ဆီးခြင်းမခံရအောင် ကာကွယ်စောင့်ရှောက်ကြရန် တာဝန်ရှိဝန်ထမ်းများက ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေး စီမံကိန်းသည် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများအတွက် ကောင်းမွန်သည့်အနာဂတ်ကို ရည်ရွယ်ပြီး စိုက်ပျိုးဆောင်ရွက်ခြင်းဖြစ်ရာ တာဝန်ရှိ သစ်တောဝန်ထမ်းများနှင့်အတူ ပြည်သူလူထုက ပူးပေါင်းပါဝင်ထိန်းသိမ်းပေးကြရမည်ဖြစ်သည်။

ခေတ်စနစ်နှင့် လူနေမှုပုံစံများ တိုးတက်ပြောင်းလဲလာခြင်း၊ လူဦးရေများပြားလာခြင်းတို့က ပြင်ဦးလွင်ဒေသတွင် သစ်တောဖုံးလွှမ်းမှုကို လျော့နည်းကျဆင်းစေသည်။ သစ်တောများ နည်းပါးသွားခြင်းက ဒေသတွင်းအပူချိန်ကို မြင့်တက်လာစေသလို ပြင်ဦးလွင်၏ ထူးခြားသော သဘာဝအလှအပ ဝိသေသလက္ခဏာကိုပါ ယုတ်လျော့သွားစေသည်။ ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးစီမံကိန်း ရာနှုန်းပြည့်အောင်မြင်စေရန် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ပြင်ဦးလွင်ကို စံနမူနာယူ၍ အခြားမြို့ရွာဒေသများ စိမ်းလန်းစိုပြည်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကြရန် တိုက်တွန်းဆော်သြလိုက်ရပါကြောင်း။ ။