၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက မဲစာရင်းအမှားအယွင်းများ၊ မဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ်ကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသဖြင့် အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ တာဝန်ကို တပ်မတော်က မလွှဲမရှောင်သာ ယူခဲ့ရပေသည်။ နိုင်ငံတော်ကို တာဝန်ယူသည်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်နိုင်ရန် ဆောင်ရွက် နေခြင်း ဖြစ်သည်။
တပ်မတော်သည် အရပ်ဘက်မှထင်ရှားသောပုဂ္ဂိုလ်များပါဝင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းပြီး နိုင်ငံတော်၏တာဝန်ကို ထိန်းသိမ်းဆောင်ရွက် ရာတွင် NLD ပါတီနှင့် နိုင်ငံရေးသမား အစွန်းရောက်များ၏ သွေးထိုးလှုံ့ဆော် မှုများကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ရာ ဦးစွာပေါ်ထွက်လာသည့် လှုပ်ရှားမှုမှာ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ပြုလုပ်သော CDM လှုပ်ရှားမှုဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ငင်းဖြစ်ပေါ် နေသည့် အရေး၌ CDM လှုပ်ရှားမှုကို အာဏာပြန်လည်ရယူလိုသူများက အရေးပါသည့် လှုပ်ရှားမှုအဖြစ် လမ်းခင်းပုံဖော်ဆောင်ရွက်ခဲ့ကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ။
CDM လှုပ်ရှားမှုတွင် အဓိကဆောင်ရွက်ကြသော ဌာနများမှာ ပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများဟု ဆိုရမည်ဖြစ်သည်။ ကျန်းမာရေးကဏ္ဍတွင် CDM လှုပ်ရှားမှု အများဆုံးပြု လုပ်ခဲ့ပြီး ပြီးလျှင်ပညာရေးကဏ္ဍမှပြုလုပ်ခဲ့သည်။ ပို့ဆောင်ရေးကဏ္ဍတွင် ရထားပို့ဆောင်ရေးကဏ္ဍမှ အများဆုံးပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ CDM သည် တည်ဆဲအစိုးရ အုပ်ချုပ်ရေးယန္တရား မလည်ပတ်အောင်၊ ရပ်တန့်သွားအောင် ပြုလုပ်သည့် အစွန်းရောက် နိုင်ငံရေးသမားတို့၏ နည်းဗျူဟာဖြစ်ပြီး ဝန်ထမ်းများသည် နိုင်ငံရေးသမားတို့၏ စည်းရုံးမှုကို ယုံစားကာ CDM လှုပ်ရှားမှုတွင် အသုံးချခံပါဝင်ခဲ့ကြသည်။ “မအောင်မြင်သော CDM လှုပ်ရှားမှု တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများသည်
များစွာနစ်နာ ဆုံးရှုံးမှုဖြစ်ခဲ့ကြပါသည်။ ဆုံးဖြတ်ချက်မှားယွင်းမှုဖြင့် CDM ပါဝင် ခဲ့ကြခြင်းသည် ဂုဏ်ယူဖွယ်ကောင်းသည့်၊ ဣန္ဒြေသိက္ခာရှိသည့် နိုင်ငံ့ဝန်ထမ်းဘဝများ ဆုံးရှုံးပျက်စီးကာ မနှစ်မြို့ဖွယ်ရာ အခြေအနေများတွင် ဖြတ်သန်းနေကြရသည်မှာ စိတ်မကောင်းဖွယ်ရာများသာ ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းအလွှာအမျိုးမျိုးတွင် ဆရာဝန် ဝန်ထမ်းများသည် အခြေခံ ကောင်းမွန်သော အလွှာဖြစ်၍ ဆိုဖွယ်ရာမရှိသော်လည်း ဝန်ထမ်းဘဝကိုသာ မှီခိုအားထား နေရသော အခြားနိုင်ငံ့ဝန်ထမ်းများအတွက်မူ စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့်ရှုမြင်ပါက ကိုယ်ချင်းစာနာမိကြမည်ဖြစ်သည်။
CDM လှုပ်ရှားမှုများတွင် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်း ပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများရှိသကဲ့သို့ အချို့သောနိုင်ငံ ဝန်ထမ်းများမှာ မိမိတို့စိတ်ခံစားလွယ်မှု၊ စိတ်လှုပ်ရှားမှုကို အသုံးချခံရခြင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ဖိအားပေးခြိမ်းခြောက် အကျပ်ကိုင်ခံရခြင်း၊ လူ့ဂုဏ် သိက္ခာထိခိုက်စေမည့် Social Punishment ပြုလုပ်ခံရမည်ကို စိုးရိမ်ခြင်း၊ မမျှော်မှန်းနိုင်သောအခြေအနေများကို မျှော်မှန်းခြင်း၊ စိုးရိမ်ပူပန်ခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြ သဖြင့် အရေးယူ ခံရသူများလည်းရှိနေပါသည်။
CDMလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် အရေးယူခံရသည့် နိုင်ငံ့ဝန်ထမ်းအချို့သည် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသည့်အပြင် အထက်ပါအကြောင်း တစ်မျိုးမျိုးကြောင့်သာ ပါဝင်ခဲ့ရခြင်းဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည် ထမ်းဆောင်လိုကြောင်း တင်ပြလာပါက သတ်မှတ်ထားသောအချက်များကို အခြေခံ၍ ရာဇဝတ်ကြောင်းအရ တရားစွဲဆို ထားမှုများအား ပြန်လည်ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ဧပြီလ၂၇ ရက်နေ့က အသိပေးထားသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေး၊ စီးပွား ရေးစနစ်များ၊ အစိုးရများ မည်သို့ပင်ပြောင်းလဲစေကာမူ နိုင်ငံတော် ယန္တရားတစ်ခု လုံးကောင်းမွန်စွာ စဉ်ဆက်မပြတ်လည်ပတ်စေရန်ဆောင်ရွက်ကြရသူများ ဖြစ်ပါသည်။
သို့ဖြစ်ရာ CDM တွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စိတ်လှုပ်ရှားလွယ်မှုကို အသုံးချခံရခြင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ဖိအားပေးခြိမ်းခြောက် အကျပ်ကိုင်ခံရခြင်း၊ လူ့ဂုဏ်သိက္ခာ ထိခိုက်စေမည့် Social Punishment ပြုလုပ် ခံရမည်ကို စိုးရိမ်ခြင်း၊ မမျှော်မှန်းနိုင်သော အခြေအနေများကို မျှော်မှန်းခြင်း၊ စိုးရိမ်ပူပန်ခြင်း စသည့်အကြောင်း အမျိုးမျိုးတို့ကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်ဖြစ်ရာ မှားယွင်းသော လုပ်ဆောင်မှုများတွင် ပါဝင်ခဲ့ကြသည်ကို မှန်ကန်စွာရှုမြင်ပြီး ရိုးသားစွာတည်ဆောက်ထားသော မိမိတို့ဘဝများမပျက်စီးစေဘဲ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ပြည်သူ့အကျိုးစီးပွားများကို ပြန်လည်ထမ်းဆောင်နိုင်ရေး စဉ်းစားသုံးသပ် ဆောင်ရွက်ကြ ပါရန် အသိပေးအပ်ပါကြောင်း။ ။