တပ်မတော်က နိုင်ငံ့တာဝန်ကို ထိန်းသိမ်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ နိုင်ငံရေးလှုပ်ရှားမှု၊ တိုင်းပြည်ဖျက်ဆီးမှုများကို အဆင့်လိုက် တစ်ဆင့်ချင်းပြုလုပ်လာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံရေးအာဏာကို ရယူလိုသော အစွန်းရောက်နိုင်ငံရေးသမား တို့က ပြည်သူလူထုတို့အား သွေးထိုးလှုံ့ဆော်ပေးကာ မိမိတို့အာဏာမရသဖြင့် တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းဖန်တီးသည့် လုပ်နည်းလုပ်ဟန်များဖြစ်သည်။
ရှေးယခင်က အာဏာလက်လွှတ်လိုက်ရသူ၊ အာဏာရယူလိုသူ အစွန်းရောက် နိုင်ငံရေးဝါဒပြင်းထန်သူများက မြေအောက်တော်လှန်ရေး၊ တောတွင်းတော်လှန် ရေးတို့ကို ၎င်းတို့ကိုယ်တိုင် စွန့်လွှတ်စွန့်စား လုပ်ကိုင်ခဲ့သော်လည်း ယနေ့ကာလ အစွန်းရောက်နိုင်ငံရေးသမားတို့သည် ၎င်းတို့ကိုယ်တိုင် အနာမခံဘဲ မြို့ပြကျေးလက် ပြည်သူများအား သွေးထိုးမြှောက်ပင့်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုများ အဆင့်ဆင့် ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအလှည့် အပြောင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် လူတန်းစားပေါင်းစုံပါဝင်သော ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု (Peaceful Protest) ကို ပထမအဆင့် ပြုလုပ်ခဲ့ကြသည်။
ထို့နောက် NLD ထောက်ခံသူများ၊ နိုင်ငံရေးသမားများ၏ အသုံးချခံ လူငယ် များ၊ CDM ဝန်ထမ်းများ၊ အားပေးမြှောက်ပင့်သူများက NLD အာဏာပြန်လည်ရရေးအတွက် လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှု (Riot) ကို ဒုတိယအဆင့် ပြုလုပ်ခဲ့ကြပြီး အစိုးရယန္တရား ရပ်ဆိုင်းစေရေးအတွက် လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Anarchy Mob) ကို တတိယအဆင့် လုပ်ဆောင်ခဲ့ကြသည်။ ထိုမှတစ်ဆင့်တက်၍ NLD အစွန်းရောက်များ၊ ကြေးစားလူဆိုးလူမိုက်များ၊ လူရမ်းကားများ၊ ဝရမ်း ပြေးများက တရားဥပဒေအရ အရေးယူမခံရရေး၊ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်စီးရေးအတွက် ရရာလက်နက်ဖြင့် တိုက်ခိုက်ခြင်း (Insurrection) ကို စတုတ္ထအဆင့် လုပ်ဆောင်ခဲ့ကြသည်။
ယခုအခါတွင် တရားမဝင် CRPH အဖွဲ့မှအစွန်းရောက်နိုင်ငံရေးသမားတို့၏ မြှောက်ပင့်ပေးမှုဖြင့် နိုင်ငံရေးအကြမ်းဖက်သမားများ၊ ကြေးစားလူဆိုးလူမိုက်များ၊ လူရမ်းကားများ၊ ဝရမ်းပြေးများက တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) ကို ပြုလုပ်ကြရာတွင် အစွန်းရောက် အကြမ်းဖက်သမား အနည်းငယ်တို့က မြို့ပြများတွင် အလစ်အငိုက် ကွက်ကျား တိုက်ခိုက်နေကြသည်ကို တွေ့ရမည်ဖြစ်ပြီး ကျေးလက်ထိတိုင် သွေးထိုးလှုံ့ဆော် ပေးမှုများကြောင့် နိုင်ငံရေးကို သိနားလည်ခြင်းမရှိသော ပြည်သူအချို့က အကြမ်း ဖက်တိုက်ခိုက်မှု (Terrorism) ပုံစံ ပြုလုပ်လာကြသည်ကိုတွေ့ရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ အဖျက်သမားများသည် ၎င်းတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခြင်း မရှိဘဲ ပြည်သူများအား သွေးထိုးပေး၍ အဖျက်လုပ်ရပ်များကိုလုပ်ဆောင်ခဲ့ကြသည်။
မတ်လ ၂၇ ရက်နေ့မှစ၍ ယနေ့အချိန်အခါအထိ အကြမ်းဖက်တိုက်ခိုက်သူ (Terrorist) တို့သည် NCA ကို ချိုးဖောက်သော တိုင်းရင်းသားလက်နက်ကိုင်အချို့ ၏အကူအညီကိုယူ၍ လက်လုပ်ဗုံး၊ ချိန်ကိုက်ဗုံး၊ လက်ပစ်ဗုံးနှင့် ရှော့တိုက်ဒုံးများကိုပင် အသုံးပြု၍ တပ်စခန်းများ၊ လုံခြုံရေးစခန်းတို့ကိုပါ တိုက်ခိုက်လာကြ သည်ကို တွေ့ရမည်ဖြစ်သည်။ ဆူပူဆန္ဒပြသည့်အသွင်မှ ဗုံးခွဲတိုက်ခိုက်သည့် အစွန်းရောက်စစ်သွေးကြွများပုံစံ ပြုလုပ်လာကြသည်။ ဧပြီလဆန်းမှစတင်ကာ အုပ်ချုပ်ရေးရုံးများ၊ စာသင်ကျောင်းများ၊ မော်တော်ယာဉ်လိုင်းများ၊ စီးပွားရေး လုပ်ငန်းများကို မီးရှို့ ဖျက်ဆီးခြင်းစသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လာသည့်အပြင် ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်အမျိုးမျိုးစွဲကိုင်၍ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက် သည်အထိ လက်ရဲဇက်ရဲ ပြုလုပ်လာကြသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင်၊ ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးအောင် အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) အဆင့်အထိ ပြုလုပ်လာမှုများအား မည်သည့်အစိုးရမဆို ရှာဖွေရှင်းလင်းဖြိုခွင်းရမည် သာဖြစ်သည်။ ယင်းသို့ရှင်းလင်း ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်၍ ပြည်သူတို့ကလည်း ပါဝင်ကူညီကြရ မည်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် တိုင်းပြည်ကိုဖျက်ဆီးမည့် အကြမ်းဖက်တိုက်ခိုက်မှု (Terrorism) မှန်သမျှကို အမြစ်ကမကျန် ရှင်းလင်း ဖြိုဖျက်ပစ်နိုင်သည်ဖြစ်ရာ ယခုလည်းမကြာမီကာလတွင် အကြမ်းဖက်ဖျက်ဆီးမှုများ ချုပ်ငြိမ်းသွားမည်ဟု ယုံကြည်ပါကြောင်း။ ။