နေပြည်တော် ဧပြီ ၂၈
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပူးပေါင်းပါဝင် ရှေးဦးစွာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် ကျောင်းသုံးစာအုပ်များ ပုံနှိပ် ဖြန့်ချိခြင်း လုပ်ငန်းတာဝန်သည် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အပြင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစရှိသည့် အစိုးရဌာနများ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရသည့် နိုင်ငံလုံး ဆိုင်ရာ ကျယ်ပြန့်သော တာဝန်ကြီးဖြစ်ပါကြောင်း။
အားလုံး စည်းလုံးညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်းအကောင်အထည် ဖော်ခဲ့ကြသဖြင့် နှစ်စဉ်နှစ်တိုင်း အောင်မြင်ချောမောခဲ့ပါကြောင်း၊ အခြေခံပညာကျောင်းများရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ လက်ဝယ်သို့ အချိန်မီအရောက် ပို့ဆောင်နိုင် ရေးမှာ ပို့ဆောင်ရေးဌာနများ (မီးရထား၊ ကုန်ကား၊ ရေကြောင်း သာမက ဝေးလံခေါင်ဖျားဒေသ များသို့ လေကြောင်းတို့ဖြင့်) လက်တွဲ လုပ်ဆောင်ခဲ့ရကြောင်း၊ စာသင်နှစ်အမီ နောက်မကျအောင် စီမံလုပ်ဆောင်ခဲ့ကြပါကြောင်း။
အဓိကတာဝန်ရှိ ပုံနှိပ်ရေးအပိုင်းတွင် မှန်ကန်ရေးနှင့် အရည်အသွေးစံချိန်စံညွှန်း ကိုက်ညီရေး၌ ပြန်ကြားရေးဝန်ကြီးဌာနတွင် အပြည့်အဝ တာဝန်ရှိသကဲ့သို့ ဖြန့်ချိရေး အချိန်မီ ရောက်ရှိရေးသည် ခရိုင်၊ မြို့နယ်အသီးသီး၌ ရှိကြသော ပညာရေးဝန်ထမ်း အဆင့်ဆင့် အပါအဝင် ပညာရေးဝန်ကြီးဌာနက အဓိကတာဝန်ရှိပါကြောင်း၊ နှစ်လွှာပေါင်းမှတစ်ရွက်မည်သော စွယ်တော်ရွက်ပမာ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့သည် အစဉ်အဆက် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အခက် အခဲအမျိုးမျိုးကို ဖြေရှင်းအောင်မြင်ခဲ့ကြောင်း၊ ဆက်လက်၍ တက်ရောက်လာသော ဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အကြံပေး ဆွေးနွေးကြပါရန် မေတ္တာရပ်ခံပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း က ဆွေးနွေးပြောကြားသည်။
ဆွေးနွေးတင်ပြ ဆက်လက်၍ ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ထုတ်လုပ်ရေး ဆပ်ကော်မတီ၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီ၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တင်ဒါ လက်ခံရေးနှင့် စိစစ်ရေး ကော်မတီ၊ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရေးနှင့် စိစစ် ရေးကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီ၊ အရည် အသွေးစိစစ်ရေးအဖွဲ့၊ မျက်မြင် စစ်ဆေးရေးအဖွဲ့တို့၏ လက်ရှိ ဖွဲ့စည်းထားရှိမှုနှင့် ပြင်ဆင်ရန် လျာထားမှု အခြေအနေကိုလည်းကောင်း၊ ယခုနှစ် ကျောင်းသုံး စာအုပ်ရိုက်နှိပ်ခဲ့မှုနှင့် လက်ရှိ ကြုံတွေ့ရသည့် အခက်အခဲများ၊ ကျော်လွှားနိုင်မည့် နည်းလမ်းများ ကိုလည်းကောင်း၊ ဆက်လက် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစဉ်များကို လည်းကောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက်ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ တွဲဖက် အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း တို့က ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် သင်ရိုးသစ်အတန်းများအတွက် ၊ ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ အချိန်မီရိုက်နှိပ် ဖြန့်ချိနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ ။
ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက်ကျောင်းသုံးစာအုပ် များရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်