ဒီမိုကရေစီနိုင်ငံတိုင်းရှိ နိုင်ငံသားများသည် ပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာ ကြသဖြင့် နိုင်ငံ၏ဒီမိုကရေစီသည် အခြေခိုင်မြဲ၍ တိုင်းပြည်လည်း တိုးတက်သထက်တိုးတက်၊ ဖွံ့ဖြိုး သထက်ဖွံ့ဖြိုးလာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အခြေခိုင်မြဲသည့် ဒီမိုကရေစီ နိုင်ငံအဖြစ် တက်လှမ်းနိုင်ရေးအတွက် ဥပဒေစည်းကမ်းနှင့်အညီ နေထိုင်လုပ်ကိုင်တတ်ရန် လိုအပ် နေသည်။
နိုင်ငံတွင် ဥပဒေစည်းကမ်းများရှိသော်လည်း ဥပဒေကို အသက်ဝင်အောင် ဆောင်ရွက်မှု၊ ဥပဒေကို သဘောပေါက်နားလည်အောင် ဆောင်ရွက်နိုင်မှုအားနည်း သောကြောင့် ဥပဒေအား ဖောက်ဖျက် ကျူးလွန်မှုများရှိနေသည်ကို လွန်ခဲ့သော ကာလနှင့် ယခုကာလအခြေအနေများက သက်သေ ပြနေသည်။ ဥပဒေစည်းကမ်း လိုက်နာလျှင် နိုင်ငံအခြေတည်တံ့ခိုင်မြဲဖွံ့ဖြိုးပြီး ဥပဒေစည်းကမ်း မလိုက်နာလျှင် နိုင်ငံအခြေ မတည်တံ့ခိုင်မြဲ ယိမ်းယိုင်ကာ ဖရိုဖရဲဖြစ်တတ်သည်ကို လက်တွေ့ပြ နေသည်။ ထို့ကြောင့် ပြဋ္ဌာန်းထားသောဥပဒေများ အသက်ဝင်အောင်နှင့် သိရှိလိုက်နာကြရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ။
နိုင်ငံသားတိုင်း ဥပဒေစည်းကမ်းနှင့်အညီ နေထိုင်တတ်ရန်အတွက် ဥပဒေ ပညာသည် အရေးကြီး သည်။ ဥပဒေပညာကို တက္ကသိုလ်တွင် သင်ကြားပို့ချပေးသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာနှင့် အခြားကိစ္စများကို ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်ရသည်များ များစွာ ရှိသည်။ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆောင်ရွက်ရာ၌လည်း နိုင်ငံသားတစ်ယောက်အနေဖြင့် ဆိုင်ရာ ဥပဒေများကို သိရှိရန်လိုအပ်သကဲ့သို့ စီမံခန့်ခွဲမှုကို ဆောင်ရွက်နေသောသူများအနေဖြင့်လည်း ဥပဒေကို နားလည်တတ်ကျွမ်းရန် လိုအပ်သည်။ ဥပဒေကို နားလည်တတ်ကျွမ်း ထားခြင်းဖြင့် လက်တွေ့နယ်ပယ်တွင် တိုက်ရိုက်အသုံးချခွင့်ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “မိမိတို့နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်၍ ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်ရန် လိုအပ်သဖြင့် ဥပဒေ ပညာရပ်များအား ကျယ်ပြန့်စွာသင်ကြားနိုင်ရေး
ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သဖြင့် စီးပွားရေးကဏ္ဍတွင် စီးပွားရေးအသိ အမြင်ရှိသည့် ပညာတတ်များ ပေါများရန် လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အဆိုပါ စီးပွားရေးပညာရပ်နှင့် ဥပဒေပညာ ရပ်များအား တက္ကသိုလ်များအားလုံးတွင် သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း” မှာကြားထားသည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ်များကို တိုးချဲ့ဖွင့်ပေးလာခဲ့ရာ ယခုအခါ ဒေသ ၂၄ ခုတွင် တက္ကသိုလ် များဖွင့်လှစ်နိုင်ပြီဖြစ်သည်။ တက္ကသိုလ်ဇုန် ၂၄ ခုတွင် ၁၄ ဇုန်၌ ဥပဒေပညာများ သင်ကြားပို့ချ ပေးနေပြီး ကျန်တက္ကသိုလ် ဇုန် ၁၀ ခုတွင် ဥပဒေပညာများ သင်ကြားပို့ချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ တက္ကသိုလ်များသည် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို မွေးထုတ် ပေးသည့် နေရာဌာနတစ်ခုဖြစ်ပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် တက္ကသိုလ်မှ သင်ကြားပေးခဲ့သည့်ပညာရပ်များကို အခြေခံ၍ လူမှုဘဝမြှင့်တင်မှုများကို ခံစား ရရှိနိုင်သည်။ လူတိုင်းအနေဖြင့် ဥပဒေပညာကို ကျွမ်းကျင်တတ်မြောက်ထားခြင်း မရှိသော်လည်း ဥပဒေပညာကို နားလည်သိရှိထားခြင်းဖြင့် ဥပဒေကိုအသုံးချ၍ လူမှုဘဝမြှင့်တင်မှုများကို ဆောင်ရွက်နိုင်သည်။ အလားတူ စီးပွားရေးပညာကို အသုံးချ၍ လက်တွေ့နယ်ပယ်တွင် အကျိုးရှိအောင် အသုံးပြု နိုင်ပေသည်။
အခြေခံပညာအဆင့် ပညာသင်ကြားရေးတွင် ကျောင်းသား ကျောင်းသူများကို မိဘ၊ ဆရာများက အနီးကပ် ကြပ်မတ်ထိန်းသိမ်းတည့်မတ်ပေးရပြီး တက္ကသိုလ် ပညာအဆင့် သင်ကြားရေးတွင် ကျောင်းသား ကျောင်းသူများကိုယ်တိုင် မိမိတို့ ကိုယ်ကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းနေထိုင် တည့်မတ်ကြရသည်။ ထို့ကြောင့် ဥပဒေကို အထူးပြု သင်ကြားသည်ဖြစ်စေ၊ အထူးပြု မသင်ကြားရ လျှင်လည်း ဥပဒေနှင့်ပတ်သက်၍ လေ့လာလိုက်စားခြင်းဖြင့် မိမိဘဝ၊ မိမိတို့အနာဂတ်ကို ပိုမို လုံခြုံစိတ်ချ ပိုမိုကောင်းမွန်လာအောင် ဖန်တီးတည်ဆောက်နိုင်မည် ဖြစ်သည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ဘဝများကို တည့်မတ်ဖြောင့်မှန်အောင် စစ်မှန်သည့် ပညာရပ်နှင့် စစ်မှန်သည့်အသိပညာ၊ အတတ်ပညာများ ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေသည်ဖြစ်၍ မိမိတို့ ဘဝ၊ မိမိတို့နိုင်ငံတိုးတက်ရေးအတွက် ဥပဒေစည်းကမ်းနှင့်အညီ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ကိုင်နိုင်ရန် ဥပဒေပညာရပ်များအပြင် အထူးပြုရာဘာသာရပ်များအလိုက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသင်ကြားနိုင်ရေးကို ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း။ ။