Skip to main content

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်း ဆရာများနှင့် သင်တန်းသား များ တက်ရောက်ကြသည်။

ရှေးဉီးစွာ   ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရန်အတွက် အရေး၊ အဖတ်၊ အပြော၊ အကျက်အမှတ် လေ့ကျင့်ခြင်းကို လိုချင်စိတ်၊ တတ်ချင်စိတ်နှင့် တက်တက်ကြွကြွ၊ ထက်ထက်သန်သန် များများလုပ်ဆောင်ကြရန် မှာကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယခုကဲ့သို့ အင်္ဂလိပ်စာသင်တန်းကို တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ပထမအကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းများကို  အရည်အသွေးမြှင့် တင်ပေးခြင်းသည် အမြော်အမြင် ကြီးမားသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊   ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ သင်တန်း ဖွင့်လှစ်ရန် ပူးပေါင်းဆောင်ရွက်ခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းသား ၃၀ တက်ရောက်ကြပြီး တစ်ပတ်လျှင် သင်တန်း ၂ ချိန်ဖြင့် ၈ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)