Skip to main content

ကွဲပြားသည့် ရေမြေ ရာသီဥတုအလိုက် စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှု အခြေအနေများပေါ် မူတည်၍ တိုင်းဒေသကြီး ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရန် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်

နေပြည်တော် ဧပြီ ၂၆

စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို ဖြည့် ဆည်းနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအောက်ရှိ တာဝန်ရှိသူအားလုံးတို့က စွမ်းအားပြည့် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

 ဧပြီ ၂၄ ရက် နံနက်ပိုင်းက  ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်၏ ပို့ကုန်တိုးတက်ရေး၊ တိုင်း ဒေသကြီး ပြည်နယ်များအားလုံး ဝမ်းစာဖူလုံရေး၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုး တက်ရေးတို့ အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး တစ်ပြေးညီတိုးတက်ပြောင်းလဲလာအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသရေမြေ ရာသီဥတုအလိုက် စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှု အခြေအနေများ ကွဲပြားနိုင်သော်လည်း တိုင်းဒေသကြီး ပြည်နယ်များအကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းလာစေရန် မိမိတို့ကျရာ အခန်းကဏ္ဍက တက်ကြွစွာ ဆောင်ရွက်ကြစေလိုကြောင်း။

လူတစ်ဦးချင်း မြေတစ်ဧကချင်းစီ၏ ထုတ်လုပ်နိုင်မှုစွမ်းအား တိုးတက်ရေးအတွက် လိုအပ်သော နည်းပညာပေးရေးသာမက အရင်းအနှီး သွင်းအားစု၊ စက်ကိရိယာများ အသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို မိမိတို့တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန် လိုအပ်သည့်နည်းတူ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း ညှိနှိုင်း ချိတ်ဆက်ပေးရန် လိုအပ်ကြောင်း။

အလားတူ ထုတ်လုပ်မှုအရည်အသွေး ကောင်းမွန်ရေး စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေး နှင့် လေလွင့်ဆုံးရှုံးမှုလျှော့ချရေး တို့အတွက် ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များတွင်လည်း အဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရန်နှင့် ခိုင်မာသေချာသည့် ဈေးကွက်နှင့် ချိတ်ဆက်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ တောင်သူများ ပင်ပန်းကြီးစွာ အားထုတ်ရမှုနှင့် ထိုက်တန်သည့် အကျိုးအမြတ်ကို ခံစားကြရမည် ဖြစ်ကြောင်း။

အရှိန်ရနေပြီးဖြစ်သော စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပြန့်ပွားရေး လုပ်ငန်းများအပြင် သီးနှံဈေးကွက် သုတေသနဆိုင်ရာ သုံးသပ်ချက်များ ဖြန့်ဝေပေးခြင်း၊ သီးနှံဈေးကွက် သတင်း အချက်အလက် ဖလှယ်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်း လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက် ပေးသွားရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် တို့က လိုအပ်ချက်များ ညှိနှိုင်း ဖြည့်ဆည်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလိတ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် ခရိုင် အဆင့်တာဝန်ရှိသူများတက်ရောက်ကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အေးသာယာမြို့ အေးသီရိဈေးအနီးတွင် ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ထားသည့် အေးသာယာ၊ကိုအော့ပ်ဆေးရုံ သို့ရောက်ရှိကြရာ တာဝန်ရှိသူများက  သမဝါယမအသင်းစုချုပ်၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်လျက်ရှိသော သမဝါယမ လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

 တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမ၏ ကောင်းမွန်သော ရည်ရွယ်ချက်နှင့် စုပေါင်းဆောင်ရွက်မှု ရလဒ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ပါကြောင်း၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် သမဝါယမ၏ အခန်းကဏ္ဍသည်လွန်စွာ အရေးပါလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ကြုံတွေ့ရသည့် ကုန်စည်စီးဆင်းမှု အခက်အခဲကို သမဝါယမ အသင်းစုချုပ်များ အချင်းချင်း ချိတ်ဆက်၍ အမြတ်မယူ အရှုံးမရှိစေရဟူသည့် သမဝါယမ၏ မူဝါဒဖြင့် စွမ်းဆောင် ခဲ့မှုအပေါ် ဂုဏ်ပြုပါကြောင်း၊ ယခုထက်ပိုမိုစွမ်းဆောင်နိုင်ရန် ပေါင်းစပ်မှု ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာ၊ကိုအော့ပ်ဆေးရုံအတွင်း ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စိုက်ပျိုးရေး သိပ္ပံသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အသစ်တိုးချဲ့ဆောင်ရွက်မည့် မွေးမြူရေး ဒီပလိုမာ သင်တန်းအတွက် အကြိုလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အောင်ပန်း ဒေသသုတေသနဗဟိုဌာန (Regional Research Center – RRC) သို့ ရောက်ရှိ ကြပြီး ဆောင်ရွက်ဆဲသုတေသနလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသန လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

သုတေသနခြံတွင် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော ခေတ်မီတစ်သျှူးနည်းဖြင့် အာလူးမျိုးစေ့ထုတ်လုပ်ရေး နှင့် အရည်အသွေးမြင့် ငှက်ပျောမျိုးထုတ်လုပ်ရေးကို ဈေးကွက် လိုအပ်ချက်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ရှမ်းပြည်နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာဘာသာရပ်အလိုက် သုတေသနပညာရှင်များက  စပါး၊ ပြောင်း၊ ဂျုံ၊ ပဲပုပ်၊ နေကြာ၊ ဟင်းသီးဟင်းရွက်စသည့် သီးနှံများနှင့်သက်ဆိုင်သည့် သုတေသန လုပ်ငန်းများ၊ တစ်သျှူးဓါတ်ခွဲခန်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများကို ဒေသသုတေသနဗဟိုဌာန Regional Research Center - RRC (၁)ခု ၊ သုတေသနခြံ(၅)ခု နှင့် တောင်သူအခြေပြု သုတေသနစခန်း (၁၅)ခု တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)