Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဧပြီ (၂၅) ရက် နံနက်ပိုင်းတွင် တာချီလိတ် - မိုင်းဆတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို    လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး လမ်းစခန်းရှင်းလင်းဆောင်တွင် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရဲလင်း က မိုင်းဆတ် - တာချီလိတ်လမ်း  (0.0 Km မှ 97.76  Km အတွင်း) ကွန်ကရစ်လမ်း 13.09 Km၊ ကတ္တရာလမ်း 11.30 Km၊ ကျောက်လမ်း 52.818 Km၊ အမာခံလမ်း  15.96 Km ၊ မြေလမ်း 4.525 Km ၊ စုစုပေါင်း 97.76 Km အား ဘဏ္ဍာရေး နှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မြေပုံကားချပ်ဖြင့် တင်ပြသည်။

တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လက်ရှိကတ္တရာလမ်းကို ပုံမှန်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ကွန်ကရစ်ခင်းပြီး တစ်ပါတည်းလမ်းပခုံးပါ ထည့်သွင်း ဆောင်ရွက်ရန် ယာဉ်ကြီးများသွားလာမှု  အဆင်ပြေစေရန် အတက်အဆင်း မတ်စောက်သည့် နေရာများတွင် လမ်းချဲ့ပေးရန်၊ သတိပေးဆိုင်းဘုတ်များစိုက်ထူရန် မှာကြားပြီး ကွန်ကရစ်ခင်းထား မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တာချီလိတ် - မိုင်းဆတ်လမ်း အမြင့်ပေ (၅၀၀၀) ရှိ လွယ်ဆမ်ဆုံတောင်သို့  ရောက်ရှိပြီး အတက် / အဆင်းမတ်စောက်သည့် တောင်ကြောကို လမ်းသား အနိမ့်၊ အမြင့်ဖြေညှိပေးရန်နှင့် လမ်းချဲ့ပေးရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် တာချီလိတ်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဖေသက်သန်း နှင့်အတူ  တာချီလိတ် - မိုင်းဆတ်လမ်း၏ မူလကတ္တရာလမ်းအခြေအနေ၊ ကွန်ကရစ်ခင်းပြီးအပိုင်းနှင့် ကျောက်လမ်း အခြေအနေတို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ်လမ်း (မိုင်းဆတ် - မိုင်းတုံ) လမ်းအပိုင်းပေါ်ရှိ တံတားငယ်များ တည်ဆောက်ခြင်း ၊ စက်ယန္တရားများဖြင့် လမ်းချဲ့နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး၊ တံတာဦးစီးဌာန၊ တံတားအထူးအဖွဲ့(၄)မှ တာဝန်ယူတည် ဆောက်နေသော သံလွင်တံတား   (တာဆန်း)   တည်ဆောက်ရေးလုပ်ငန်းခွင်သို့   ရောက်ရှိရာ   ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်နိုင်ဦး က တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုနှင့် လမ်း၊ တံတားကျွမ်းကျင်ပညာရှင်များက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်ဝန်ကြီးက ယခုအသစ်တည်ဆောက်နေသည့် တံတားသည် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားသော လမ်းပေါ်တွင် တည်ရှိပြီး နယ်စပ်မြို့များကို အဓိကဆက်သွယ်သွားလာနိုင်သည့်အတွက် အထူး အရေးပါသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ ယခင်ကြိုးတံတားဟောင်းသည် ၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့သည့်အတွက် ကြံ့ခိုင်မှုအားနည်းလာမှုကြောင့်  (၁၆) တန်ကားများသာ ဖြတ်သန်း ခွင့်ပြုထားပြီး ယခု(၇၅)တန်ခံနိုင်ဝန်ရှိ ကြိုးတံတား အသစ်ကို တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေး ၊ တံတားကြိုးထိမ်း တာဝါတိုင် နှင့် ကြိုးထိမ်းခုံတို့အပါအဝင် လုပ်ငန်းအားလုံး  အရည်အသွေးပြည့်မီရေး   အထူးဂရုပြု ဆောင်ရွက် ရန်လိုပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းတုံဘက်ကမ်း တံတားလုပ်ငန်းများ ဆောင်ရွက်မှု၊ ကြိုးထိမ်းတာဝါတိုင်၊ ကြိုးထိမ်းခုံ(၂) တည်ဆောက်မည့်အခြေအနေကို လည်းကောင်း၊ မိုင်းပန်ဘက်ကမ်းသို့ သွားရောက်ပြီး တံတားချဉ်းကပ်လမ်း၊ ကြိုးထိမ်းတာဝါတိုင်နှင့် ကြိုးထိမ်းခုံ (၁) ဆောင်ရွက်မည့် အခြေအနေတို့ကို အသေးစိတ်လိုက်လံ ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

သံလွင်တံတား(တာဆန်း)သည် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့ကို ဆက်သွယ်သည့် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ်လမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်း တံတားအရှည် (၂၆၆ ဒသမ ၈၆၁)မီတာ ၊ ယာဉ်သွားလမ်းအကျယ် (၈ ဒသမ ၅)  မီတာ၊  လူသွားလမ်းတစ်ဖက်လျှင် (၁)မီတာစီပါရှိပြီး တံတားအမျိုးအစားမှာ တံတားအပေါ်ထည် Cable Suspension + RC ၊ အောက်ထည်  RC နှင့်အုတ်မြစ်ကို 1.5 mØ Bored Pile တို့ဖြင့် တည်ဆောက်ထားကာ တံတား၏ ခံနိုင်ဝန်မှာ (၇၅)တန်ဖြစ်သည်။

ယခု တည်ဆောက်နေသည့် သံလွင်တံတား (တာဆန်း) တည်ဆောက်ပြီးစီးသွားပါက မြန်မာနိုင်ငံအလယ်ပိုင်းပြည်မ မှ ရှမ်းပြည်နယ်(တောင်ပိုင်း)ကို ဖြတ်ကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှတစ်ဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွယ်ကူ လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မှာဖြစ်သလို ဒေသတွင်းထွက်ကုန်များကို အိမ်နီး ချင်းနိုင်ငံများသို့ ပို့ဆောင်ရောင်းချနိုင်ပြီး ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်လာကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)