Skip to main content

စစ်မှန်သည့် ဒီမိုကရေစီနှင့်အန္တရာယ်ကို ဆင်ခြင်ဉာဏ်ဖြင့် ခွဲခြားရှုမြင်

မြန်မာနိုင်ငံသည် စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းဖော်ဆောင် နေသည်။ ပြည်သူများကလည်း ဒီမိုကရေစီစနစ်ကို လိုလားလက်ခံကြသည်။ သို့သော် စစ်မှန်သည့် ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ်ကို ကွဲကွဲပြားပြားနားလည်လက်ခံမှု အားနည်းသည်ဟုဆိုနိုင်သည်။ အပေါ်ယံကိုကြည့်၍ စစ်မှန်သည့်ဒီမိုကရေစီကို အာဏာရှင်၊ အာဏာရှင်ကို စစ်မှန်သည့်ဒီမိုကရေစီဟု လွဲမှားစွာရှုမြင်နေဆဲဖြစ်သည်။

လက်ရှိတွင် ဒီမိုကရေစီဆိုသည်ကို လွတ်လပ်မှုတစ်မျိုးတည်းသာ မှတ်ယူနေကြသည်။ ပြည်သူများ လွတ်လပ်မှုကို ဒီမိုကရေစီ၊ ပြည်သူများအား ဖိနှိပ်မှုကို အာဏာရှင်ဟု တစ်သမတ်တည်း မှတ်ယူကြသူများ ရှိသည်။ ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေး ဝါဒစကားမဟုတ်ပေ။ ပြည်သူများ မှန်ကန်သည့်အနေအထိုင်၊ အတွေးအခေါ်၊ အလေ့အကျင့်ဖြစ်သည်။ ဒီမိုကရေစီကို ဟောပြောရုံနှင့် မရ။ ကျင့်သုံးမှသာရသည်။ ဒီမိုကရေစီဆိုသည်မှာ မိုးပေါ်ကကျလာသော ရတနာမဟုတ်၊ ပြည်သူတို့က ကိုယ့်ဘဝကို ကိုယ်မြှင့်တင်၊ ဥပဒေစည်းကမ်းနှင့်အညီ ကိုယ့်ဘဝကို ကိုယ်ဖန်တီး ကြခြင်းဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတွင် ပြည်သူတို့သည် ဆွေမျိုးသားချင်းများနှင့် စုဝေးနေထိုင်နိုင်ကြသည်။ လုပ်ကိုင်စားသောက်နိုင်ကြသည်။ အာဏာရှင်နိုင်ငံတွင် ဆွေမျိုး သားချင်းများ စုဝေးရခြင်းမျိုးမရှိ။ အာဏာရှင်က ခိုင်းစေသလို ခွဲခွာ၍သွားကြ၊ လုပ်ကိုင်ကြရသည်။ ပြည်သူကို လုပ်သားအဖြစ်လို၊ ကြိုးဆွဲရာကရသည့် အရုပ်လို၊ ခိုင်းသလို လုပ်ရသည့် စက်ရုပ်လို အာဏာရှင်က မြင်သည်။ စက်ရုပ်များမှာ

ဆွေမျိုးသားချင်းမရှိ၊ အသည်းနှလုံးမရှိ၊ မိဘ၊ ဆရာသမားမရှိစေရ ခံယူထားကြသည်။ ဒီမိုကရေစီနိုင်ငံတွင် လူမျိုးအသီးသီး၏ အစဉ်အလာ၊ ထုံးတမ်းဓလေ့များကို ရိုသေလေးစားကြသည်။ “မိရိုးဖလာ”ဟူသည်ကို အမြတ်တနိုးတန်ဖိုးထားကြသည်။ အာဏာရှင်နိုင်ငံတွင် ထုံးတမ်းစဉ်လာတို့က အရေးမကြီး၊ အာဏာကသာ အရေးကြီး သည်။ ရှေးထုံးကို လွယ်လွယ်နှင့်ပစ်ပယ်ကြသည်။ ပြက်ရယ်ပြုကြသည်။

ဒီမိုကရေစီနိုင်ငံတွင် အချုပ်အခြာအာဏာသည် ပြည်သူတို့၌တည်သည်။ ပြည်သူတို့က စစ်မှန်ပြီး လွတ်လပ်တရားမျှတစွာ မဲပေး၍ ရွေးချယ်တင်မြှောက်ခဲ့သည့် ကိုယ်စားလှယ်များက ဥပဒေပြုကြသည်။ အုပ်ချုပ်ရေးတာဝန်ကိုတော်တည့်ဖြောင့်မှန် စွာထမ်းရွက်ရသည်။ အာဏာရှင်နိုင်ငံတွင် ပြည်သူတို့၏ မဲဆန္ဒသည် တရားမျှတမှု မရှိ၊ တန်ဖိုးမရှိ၊ လူတစ်စုက အာဏာကို အဓမ္မယူကြသည်။ ဒီမိုကရေစီနိုင်ငံတွင် တရားမျှတသည့် ရွေးကောက်ပွဲများတွင် နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံတို့က ပြည်သူ တို့ထံမှ တောင်းခံယူနိုင်ကြသည်။ အာဏာရှင်နိုင်ငံတွင် အာဏာကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်း လက်ဝယ်ပိုင်ဆိုင်လိုကြသည်။ အတိုက်အခံအဖွဲ့အစည်းကို လက်မခံ၊ နှိမ်ချထားကြသည်။

ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံတော်အမှုထမ်း၊ အရာထမ်းများသည် ပြည်သူ့ဝန်ထမ်း များဖြစ်ကြသည်။ နိုင်ငံ့တာဝန် ထမ်းဆောင်ကြသည်။ အနှောင့်အယှက်ဖိအားမရှိ ထမ်းဆောင်ရဲကြသည်။ နိုင်ငံ့သစ္စာ၊ ပြည်သူ့သစ္စာ စောင့်သိရိုသေကြသည်။ အာဏာရှင်နိုင်ငံတွင် အာဏာရှင်၏ သစ္စာခံကြသည်။ နိုင်ငံ့မျက်နှာမထောက်၊ ပြည်သူ့မျက်နှာမကြည့်၊ အာဏာရှင်မျက်နှာကိုသာ ကြည့်ကြသည်။ ဒီမိုကရေစီ နိုင်ငံတွင် ပြည်သူတို့သည် လွတ်လပ်စွာ ပညာရှာကြ၊ အလုပ်လုပ်ကိုင်ကြသည်။ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်နိုင်ကြသည်။ အာဏာရှင်နိုင်ငံတွင် ပညာရေးလောက၊ အလုပ်သမား လောက၊ အမှုထမ်းလောက စသည်တို့တွင် လွတ်လပ်စွာမနေရ၊ မလုပ်ရ။ အာဏာရှင်၏ဝါဒရေးအရ စည်းရုံးခံရ၊ သိမ်းသွင်း ခံရသည်။ ဒီမိုကရေစီနိုင်ငံတွင် လူတန်းစားခွဲခြားခြင်းမရှိ။ ယုံကြည်ချက် မတူသော်လည်း ပေါင်းသင်းဆက်ဆံကြသည်။ အပြိုင်အဆိုင်ရှိသော်လည်း အချင်းချင်း ရန်သူသဖွယ် ပဋိပက္ခဖြစ်နေခြင်းကားမရှိ။ အာဏာရှင်နိုင်ငံတွင် လူတန်းစားချင်း မလိုမုန်းထားစိတ်များကို ဝါဒအရ ပွားများအောင် လှုံ့ဆော်ပေးသည်။ လူတန်းစား ပဋိပက္ခကို တူးဆွပေး၍ အသုံးချသည်။ “ဒီမိုကရေစီနိုင်ငံတွင် ကိုယ့်တိုင်းပြည်ကို ပြည်သူများက ချစ်ကြသည်။ တန်ဖိုး ထားကြသည်။ ကာကွယ်ကြသည်။ တစ်ပါးသြဇာလွှမ်းမိုးသောနိုင်ငံတွင် ကိုယ့်နိုင်ငံ ထက် သူတစ်ပါးနိုင်ငံကို ချစ်ကြသည်။ အမေကျော်၍ ဒွေးတော်လွမ်းကြသည်။ အာဏာရှင်ကိုသာ ဦးထိပ်တင်ကြသည်။ အာဏာရှင်သည် မိမိကိုယ်ကို အာဏာရှင် ဖြစ်မှန်းမသိ ပြည်သူကိုစည်းရုံးကာ ပြည်သူကိုလိုလား သယောင်ပြသည်။ ပြည်သူမှာ အမှန်ကိုအမှား၊ အမှားကို အမှန်ဖြစ်ကြရသည်။ သို့ဖြစ်ရာ ယနေ့အချိန်အခါတွင် စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေပြီဖြစ်ရာ အာဏာရှင်နှင့် ဒီမိုကရေစီစစ်စစ်ကို ခွဲခြားရှုမြင်၍ စစ်မှန်သည့်ဒီမိုကရေစီ၏အန္တရာယ်ကို ရှုမြင် တတ်ဖို့လိုပါကြောင်း။ ။