Skip to main content

စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် ပြည်သူများ လူနေမှုအဆင့်အတန်း တိုးတက်စေရေးအတွက် ပြည်ထောင်စု အဆင့် နှင့် ဒေသအာဏာပိုင်များအကြား ဆက်စပ်မှုအားကောင်းစွာဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

နေပြည်တော် ဧပြီ ၂၅

သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းသော ရေခံမြေခံကောင်းရှိသည့် ရှမ်းပြည်နယ်တွင် စားနပ် ရိက္ခာ ဖူလုံပိုလျှံစေပြီး ဒေသနေပြည်သူများ လူနေမှုအဆင့်အတန်း သိသာစွာ ပြောင်းလဲ တိုးတက်လာစေရေး၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုတွင် ခေတ်မီ နည်းပညာများ အသုံးပြုနိုင်ရေး နှင့် ကုန်ကြမ်းတင်ပို့ရောင်းချမှုမှ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိရန်အတွက် အဓိကလိုအပ်သည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို စနစ်တကျ သင်ယူတတ်မြောက်စေရန် စီမံ ဆောင်ရွက်ပေးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ (၂၃)ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း နှင့် ကောင်စီဝင်များ ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လူနေမှု စနစ် မြင့်မားရေးဆိုင်ရာများ၊ ခေတ်မီ ဆီကြိတ်စက်ကြီးများ ပေါ်ပေါက်လာရေးနှင့် စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များ တစ်နေရာတည်းတွင် စုစည်းရောင်းဝယ်နိုင်မည့် ဟိုးဆေးမားကတ် ဆောင်ရွက်နိုင်ရေး တို့အတွက် ကုမ္ပဏီများ၊ ပုဂ္ဂလိကများ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင် ရွက်နိုင်ရေး ဆက်စပ် အားပေးကူညီသွားရန် ၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးကောင်း သီးနှံမျိုးများ နှင့် တိရစ္ဆာန် မျိုးများ ပြောင်းလဲပေးရေး နှင့် လိုအပ်သည့် နည်းပညာအကူအညီများ ပံ့ပိုးပေးရန် ကိစ္စရပ်များကိုလည်းကောင်း၊ နယ်စပ်ပို့ကုန်များဖြစ်သည့် စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များတွင် သတ်မှတ်ထားသည့် ပိုးမွှားရောဂါ ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာများနှင့် တိရိစ္ဆာန် အစားအစာ ဈေးကွက် အလားအလာများကိုလည်းကောင်း၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းများတွင် တိုးချဲ့ဆောင်ရွက်မည့် မွေးမြူရေးဒီပလိုမာသင်တန်း ကနဦး အစီအစဉ်တွင် ပါဝင်သည့် ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်းအား မွမ်းမံပြင်ဆင်ရေးနှင့် အကြိုလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ၊ ရှမ်းပြည်နယ် တောင်ပိုင်း သာမက ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ ဆောင်ရွက်ဆဲ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ နည်းပညာပေး သင်တန်း အပြင် အခြားအသက်မွေး ဝမ်းကျောင်း သင်တန်းများ တိုးချဲ့ ဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ စက်မှုလယ်ယာစနစ် အသုံးပြုမှု ပိုမိုတွင်ကျယ်လာစေရန် စက်မှုလယ် ယာဝန်ဆောင်သူများ ဖိတ်ခေါ်ခြင်း၊ တောင်သူများ ကိုယ်ပိုင် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ သင်တန်းများ ဆောင်ရွက်ပေးရန်၊ ဆည်ရေသောက် ဧရိယာများ၌ ရေအသုံးချသူ အဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန် ၊ သဘောထားညီညွတ်သူများ စုပေါင်းဆောင်ရွက်နိုင်သည့် သမဝါယမအသင်းများကို ဥပဒေနှင့် အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက် ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ် အနေဖြင့် ဆန်ဖူလုံမှု ၈၈ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှု ၆၆ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှု ၂၀၀ ရာခိုင်နှုန်းကျော်ရှိရာ ဒေသ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး၊ ရေမြေရာသီ ဥတုနှင့်ကိုက်ညီသည့် ဝင်ငွေရ အရည်အသွေးကောင်း သီးနှံအမယ်သစ်များ ပြောင်းလဲစိုက်ပျိုး နိုင်ရေး၊ ခေတ်မီ နည်းပညာများ အသုံးပြုနိုင်ရေးနှင့် သမဝါယမအသင်းအများ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ နှင့် ဒေသအာဏာပိုင်များ အကြား ဆက်စပ်မှုအားကောင်းစွာဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ်ရှိ နမ့်ခွီးရေလွှဲဆည်၊ တောင်ကြီး မြို့နယ်ရှိ ဆည်ကြီး ရေလွှဲဆည်နှင့် ရေသောက်စနစ်များကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေ လေလွင့်ဆုံးရှုံး မှုမရှိစေရေး နှင့် စနစ်တကျအသုံးပြုနိုင်ရေး၊ ရေအသုံးချသူအဖွဲ့(WUG)များ တိုးချဲ့ဖွဲ့စည်းရေး တို့ကို ဆွေးနွေးမှာကြားသည်။ နမ့်ခွီးရေလွှဲဆည်မှ စိုက်ပျိုးမြေ ဧက ၁၆၉၀ ၊ ဆည်ကြီးရေလွှဲဆည်မှ စိုက်ပျိုးမြေ ဧက ၃၀၀၀ ကို အကျိုးပြုလျက်ရှိပြီး ၊ ရှမ်းပြည်နယ်၌ ဆည်ရေသောက် စိုက်ပျိုးမြေဧရိယာ စုစုပေါင်း နှစ်သိန်းကိုးသောင်း ကျော်ရှိသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဟိုပုံးမြို့နယ် ဟိုလိကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ ဒေသနေပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သောက်သုံးရေ ရရှိရေးအတွက် စိမ်းစမ်းရေသွယ်တန်းခြင်း လုပ်ငန်းများကို လည်း ကောင်း၊ ကျေးရွာသူ ကျေးရွာသားများ၏ စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်မှု အခြေ အနေများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ များနှင့်ပတ်သက်၍  လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လုံဟေးကျေးရွာ တွင် Green Gold ကော်ဖီစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်တာဝန်ရှိသူများ၊ အသင်းဝင် တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး က ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နှင့် ဈေးကွက် အလားအလာများ၊ နည်းပညာတိုးမြှင့် ဆောင်ရွက်နိုင်ရေး ၊ စိုက်ပျိုးမြေများကို ဥပဒေနှင့်အညီ အသုံးပြုနိုင်ရေး ဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီး အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် ကော်ဖီစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)