နေပြည်တော် ဧပြီ ၂၅
အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ ဆရာမများအတွက် အားလပ်ရက်ရှည်(Vacation) ခံစားခွင့်ကို ၂၀၂၁ ခုနှစ် မေ ၂ ရက် အထိ သတ်မှတ်ခွင့်ပြုထားပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ သင်ကြားရေး ဆရာဆရာမများ အားလုံးနှင့် စီမံဝန်ထမ်းများ အားလုံးအနေဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက် နောက်ဆုံးထား၍ မိမိတို့လုပ်ငန်းခွင်များသို့ အင်ပြည့်အားပြည့် မပျက်မကွက် ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန် နှိုးဆော်တိုက်တွန်း ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့ (ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြို သင်တန်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ် ရေးစည်းမျဉ်း စည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မေ ၃ ရက်တွင် လုပ်ငန်းခွင်ဝင်ရန် ပျက်ကွက်သည့် စာရင်းများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဆင့်ဆင့် တာဝန်ယူ တာဝန်ခံမှုဖြင့် စနစ်တကျပြုစု ပေးပို့ကြရ မည်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ထမ်းဆရာ ဆရာမများအနေဖြင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ ပညာအရည်အသွေး မြင့်မားရေးအတွက် နိုင်ငံဝန်ထမ်း အဖြစ်မှအငြိမ်းစားယူသည်အထိ လမ်းခင်းဆောင်ရွက်ပေးကြ စေလိုပါကြောင်း။
ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလန်းမဆုံးရှုံးရေးသည် ကာယကံရှင်နှင့် နိုင်ငံတော်အတွက် လွန်စွာ အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်းများ နှောင့်နှေးမှု မရှိစေရေး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လက်စ ပုံမှန်သင်တန်းများ၏ နောက်ဆုံးနှစ် သင်တန်းများ ပြီးဆုံးစေရန်နှင့် နောက်ဆုံးနှစ်သင်တန်း သားများအား ဘွဲ့ရများအဖြစ် မွေးထုတ်၍ လုပ်ငန်းခွင်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရေးတို့အတွက် အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ တွင် နောက်ဆုံးနှစ် သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင် တန်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ မေ (၅) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က ကျောင်းများဖွင့်လှစ်သည့်အခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ မေ ၅ ရက်တွင် ဖွင့်လှစ်မည့်သင်တန်း များနှင့် ကျောင်းသားကျောင်းသူဦးရေစာရင်း၊ သင်တန်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းကာလ လျာထားချက်နှင့်စီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပထမ နှစ်ဝက် ပညာသင်ကာလ သင်ယူမှုရလဒ်အကဲဖြတ်မည့် အစီအစဉ်များ၊ ဘာသာရပ် သင်ကြားရေး အဖွဲ့များက ညှိနှိုင်းပြင်ဆင်ရေးဆွဲထားသော သင်ရိုးညွှန်း တမ်းများ၊ ကျောင်းသားကျောင်းသူများ အတွက် အဆောင်ထားရှိနိုင်မှုအခြေအနေများ၊ ဘွဲ့ကြို ပထမနှစ်မှ တတိယနှစ်အထိ သင်တန်းများ၊ အဝေးသင် သင်တန်းများနှင့် ဆက်လက် ဖွင့်လှစ်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများက ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)