Skip to main content

ကလေးသူငယ်များ၏အနာဂတ် အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်

ကလေးသူငယ်များ၏လက်ရှိဘဝအခြေအနေများသည် နိုင်ငံ၏အနာဂတ် အတက်/ အကျ၊ အနိမ့်အမြင့် အနေအထားကို ညွှန်းဆိုနိုင်သည်ဖြစ်၍ ကလေးသူငယ်များ၏ အနာဂတ် တိုးတက် ကောင်းမွန်ရန်အတွက် မျက်မှောက်ကာလ ကလေးသူငယ်များ ၏ဘဝများအား အမျိုးသားရေး တာဝန်အဖြစ် အလေးထားမြှင့်တင်ဆောင်ရွက်ပေးရန် အထူးလိုအပ်လျက်ရှိသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က “လူငယ်များနှင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးများ သည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ကြောင်း” ပြောကြား ခဲ့သည်။

ကလေးသူငယ်၊ လူငယ်ဆိုသည်ကို အမျိုးမျိုးသတ်မှတ်ကြပြီး အသက် ၅ နှစ်မှ ၁၇ နှစ်ကြား အရွယ် ကို ကလေးသူငယ်များဟု အပြည်ပြည်ဆိုင်ရာက ဆိုသည်။ မြန်မာနိုင်ငံ၌ အသက် ၁၂ နှစ်အောက် အရွယ်ကို ကလေးသူငယ်ဟုဆိုပြီး အသက် ၁၂နှစ်အထက် အသက်၂၀အောက်ကို လူငယ်များဟု ဆိုကြသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ၂၀၁၇ ခုနှစ်စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အဆိုပါအရွယ် ကလေးသူငယ် ၂၁၈ သန်း အလုပ်လုပ်ကိုင်လျက်ရှိရာ စုစုပေါင်း ၁၅၂ သန်းသည် လူငယ်အရွယ်အောက် ကလေးအလုပ်သမားများ ဖြစ်နေသည်။ ထိုအထဲတွင် ၇၃ သန်းခန့်သည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ် ကိုင်နေကြရသည်။

ယင်းတို့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ၂၀၁၉ ခုနှစ် လုပ်သားအင်အား စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ခြောက် သိန်းကျော်သည် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသည်ဟု ဆိုထားသည်။ ၎င်းတို့သည် ကိုယ်ခန္ဓာ၊ စိတ်ဓာတ်နှင့် စာရိတ္တပိုင်းဆိုင်ရာတို့ကို ထိခိုက်ပျက်စီးစေနိုင်သော ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ရှိနေသည်ဟု ဆိုထားသည်။ ၂၀၁၇ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လူငယ်ရေးရာ မူဝါဒအစီရင်ခံစာအရ ကမ္ဘာပေါ်တွင် အလုပ်လုပ်နိုင်သော လူငယ်လူရွယ်ဦးရေ၏ ၁၈ ရာခိုင်နှုန်း တစ်ဘီလီယံခန့်ရှိခြင်းကြောင့် ကမ္ဘာ့လူငယ်၊ လူရွယ်ထု၏ အခြေအနေသည် ဒေသတွင်းနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများအကြား စီးပွားရေး၊ လူမှုရေး၊ နည်းပညာဖွံ့ဖြိုးမှု၊ ယဉ်ကျေးမှု ကွာဟမှုများနှင့် မတူကွဲပြားမှုများ ကြုံတွေ့နေရ သည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသဖြင့် ဆင်းရဲနွမ်းပါးမှုမှာ နိမ့်ကျနေဆဲဖြစ်၍ မိသားစုဘဝများရှင်သန်ရပ်တည်ရေး၌ ကလေးသူငယ်များအနေဖြင့် ပညာ သင်ကြားရေးကို စွန့်လွှတ်ကာ လုပ်ငန်းခွင်အမျိုးမျိုးတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ကို တွေ့ရ သည်။ မြန်မာနိုင်ငံပညာရေး သမိုင်းတန်းစဉ်ကူးပြောင်းမှုကို ကြည့်မည်ဆိုလျှင် ကျောင်းနေအရွယ် ကလေး တစ်သန်းခွဲကျော် ကျောင်းနေခဲ့သော်လည်း မူလတန်းပြီးမြောက်သောအခါတွင် ၆၅ ရာခိုင်နှုန်းကျော်မှာ ကျောင်းဆက်လက်မတက်တော့သည်ကို တွေ့ရသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် ကောက်ခံထားသည့်စာရင်းများအရ လုံးဝကျောင်းမနေဖူးသူ ၃ ဒသမ ၇ သန်းရှိပြီး ၎င်းတို့မှာ ပြည်နယ်များမှ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကုန်ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေမည့် လူငယ် လူရွယ်များကို ကလေးအလုပ်သမားများအဖြစ် အသုံးပြုမှုများ ရှိနေပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါး မှုနှင့်ဆက်စပ်၍ စိန်ခေါ်မှုကြုံတွေ့နေရသော နိုင်ငံအများစုတွင် ကလေးလုပ်သားများအား ပိုမို အသုံးပြုကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ကလေးအလုပ်သမားများဘဝသို့ မရောက်ချင်ဘဲ ရောက်နေကြသည့် ကလေးသူငယ်များမှာ မြန်မာနိုင်ငံသာမက ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးတွင် ကြုံတွေ့နေရပေသည်။ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်စွမ်းမရှိဘဲ ကလေး အလုပ် သမားများအဖြစ် အသုံးပြုခံနေရသည့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ အများစု၏အဖြစ်များမှာ ဝမ်းနည်းစရာဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစီမံကိန်းကို ကဏ္ဍပေါင်းစုံ စဉ်းစားပြီး အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ NGOs ၊ INGOs များက စဉ်ဆက် မပြတ် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။