Skip to main content

၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်) ၈၈။ ရဲဘောက်ဂျာနယ်မှ အုပ်ချုပ်မှု အယ်ဒီတာ ဒေါ်သီရိနေလင်းက မိမိတို့နိုင်ငံတွင် လူအများဆုံး အသုံးပြုနေသည့် facebook သည် ဒီမိုကရေစီ မရှိသည်မှာ ကျိန်းသေကြောင်း၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး Account ဖြုတ်ချခံရသကဲ့သို့ မိမိတို့၏ Account များလည်း ဖြုတ်ချခံရကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံတွင် facebook ကဲ့သို့ ကိုယ်ပိုင် server တစ်ခု လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း၊ လုပ်ဆောင်ရန်ရှိလျှင်လည်း မည်သည့်အခြေအနေ ရောက်နေသည်ကို သိလိုကြောင်း မေးမြန်းသည်။ ၈၉။ ဗိုလ်ချုပ်ဇော်မင်းထွန်းက facebcck နှင့် အလားတူ အသုံးချနိုင်သည့် လူမှုကွန်ရက် application မျိုးကို စတင်စမ်းသပ်လုပ်ဆောင်လျက် ရှိကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အချိန်တွင် အသုံးပြုနိုင်မည်ကို မိမိလည်း အာမခံ၍ မရသေးကြောင်း၊ အတော်အတန် ခရီးရောက်နေပြီဟု ပြောလိုကြောင်း၊ အချို့နေရာများတွင် စမ်းသပ် အသုံးပြုနေပြီဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ ၉၀။ VOA သတင်းဌာနမှသတင်းထောက်ဦးဇော်ထက် က အာဆီယံမှ မြန်မာ့အရေးနှင့် ပတ်သက်၍ညှိနှိုင်း ဖြေရှင်းပေးမည်ဟု ပြောထားတာရှိကြောင်း၊ မြန်မာ့အရေးနှင့်ပတ်သက်၍ မကြာခင် အရေးပေါ်အစည်းအဝေး ကျင်းပမည်ဟုလည်း ကြားရပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို ဖိတ်ကြားထားခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။ ညှိနှိုင်းဆဲအဆင့်ဖြစ် ၉၁။ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံ အထူး ထိပ်သီးအစည်း ကျင်းပပြုလုပ်ရန် အဆီယံအဖွဲ့ဝင် နိုင်ငံအချို့မှ အာဆီယံဥက္ကဋ္ဌ သရူနိုင်းနိုင်ငံ မှတစ်ဆင့် အဆိုပြုထားခြင်းရှိကြောင်း၊ အစည်း အဝေးကျင်းပရန်အတွက် ညှိနှိုင်းဆဲအဆင့်ဖြစ်သည်ဟု သိရကြောင်း၊ မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးနေမှုလည်းရှိကြောင်း၊ အဆီယံတွင် ၎င်း၏ ပဋိညာဉ်များရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ပဋိညာဉ်များအတိုင်း ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ အသိုင်းအဝိုင်းသို့ ဝင်ရောက်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံပါပြီးဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် အာဆီယံနှင့် ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏အမြင်များနှင့် အာဆီယံနိုင်ငံများ၏အမြင်များကို မိမိတို့အနေဖြင့် လေးစားမှုရှိကြောင်း၊ သို့သော် မိမိတို့၏ ရပ်တည် ချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် ဦးတည်ချက်(၅)ရပ်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ အားလုံး၏ထင်မြင် ယူဆချက်များ၊ တိုင်းပြည်များ၏ ထင်မြင်ယူဆ ချက်များကို လေးစားသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ ၉၂။ အဆိုပါမေးမြန်းမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်းအစည်းအဝေး ပြုလုပ်ရေးနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆဲဖြစ်ကြောင်း၊ သို့သော် အာဆီယံ၏ Consensusi Non-Interference နှင့် Chapter များကို လေးစားရန်လိုကြောင်း၊ ယင်းအစည်းအဝေးနှင့်ပတ်သက်၍ အားလုံး Consensus ရရှိရန် ညှိနှိုင်းဆဲဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။ ၉၃။ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ယခုလတ်တလောတွင် KNU တပ်မဟာ(၅)ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရကြောင်း၊ အဘယ်ကြောင့် ထိုသို့ ဆောင်ရွက်သည်ကို သိလိုကြောင်း မေးမြန်းသည်။ NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်း ၉၄။ ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU တပ်မဟာ(၅) အနေဖြင့် တပ်မတော်က အခြေပြုထားသည့် ထီးမူးထစခန်းကို မတ်လ ၂၇ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး KNU တပ်မဟာ ၅ အနေဖြင့် ဇန်နဝါရီလမှ မတ်လကုန်အထိ ယင်းဒေသတွင် လမ်းဖောက်နေသည့် တပ်မတော် စစ်ကြောင်းကို ကားမိုင်းထောင်ခဲ့ခြင်း ရှစ်ကြိမ်၊ ချောင်းမြောင်းပစ်ခတ်မှု ၂၅ ကြိမ်၊ တပ်ဌာနချုပ်များကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်း များရှိကြောင်း၊ အဆိုပါကိစ္စကို တပ်မတော်အနေဖြင့် သည်းခံခဲ့သော်လည်း တပ်မတော်၏ စခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းသည် မှားယွင်းတိုက်ခိုက်ခြင်းမဟုတ်ကြောင်း၊ တမင်သက်သက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် KNU ဗဟိုတွင်ရှိသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကန့်ကွက်ခြင်းများ၊ NCA စာချုပ်ပါအချက်များကို လိုက်နာရန် သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တရားဝင်စာဖြင့်လည်း အကြိမ်ကြိမ် အကြောင်းကြားခဲ့ကြောင်း၊ KNU ဗဟိုဦးစီးကော်မတီဝင်များနှင့် KNLA စစ်ဦးစီးချုပ်တို့၏ တားမြစ်ချက်များကိုလည်း တပ်မဟာ(၅)အနေဖြင့် လိုက်နာမှုမရှိဘဲ NCA စာချုပ်ပျက်စီးစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ KNU ဗဟိုအနေဖြင့် NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းနှင့် တပ်မဟာ(၅)၏ လုပ်ဆောင်ချက်များသည် KNU ဗဟို၏ သဘောထားမပါဝင်သည်ကို တရားဝင်ပြောကြားခဲ့ကြောင်း၊ ယခုကဲ့သို့ တရားဝင်ပြောလာသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် KNU အား တိုက်ခိုက်ခြင်းမဟုတ်ကြောင်း၊ တပ်မဟာ(၅)၏ နေရာကိုသာ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ရခြင်းမှာ အဓိကအနေဖြင့် နှစ်ဖက်အသေ အပျောက်နည်းစေရန်ဖြစ်ကြောင်း သတိပေးသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခြေလျင်တပ်များဖြင့် တိုက်ခိုက်ပါက နှစ်ဖက် အသေအပျောက်များမည်ဖြစ်ကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်မှ မသက်ဆိုင်သည့် ကျေးရွာများ၊ နယ်မြေများကို ထိခိုက်မည်ဖြစ်၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအနေဖြင့် NCA ချိုးဖောက်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟိုကိုလည်း မိမိတို့ အမြဲတမ်းဆက်သွယ်လျက်ရှိကြောင်း၊ တပ်မဟာ ၅ သည် KNU ဗဟို၏ စကားကို နားထောင်ခြင်းမရှိဘဲ သူ့သဘောသူဆောင်သည်ဟု KNU ဗဟိုကလည်း မှတ်ချက်ပြုထားကြောင်း ပြန်လည်ဖြေကြားသည်။ ၉၅။ Sankei Shimbun သတင်းဌာနမှ သတင်းထောက် ဦးနော်ကိုကိုက ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်ဟု သတင်းစာရှင်းလင်းပွဲအစပိုင်းတွင် ပြောကြားခဲ့ကြောင်း၊ သို့သော် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် မြစ်ကြီးနားနှင့် သိပ်မဝေးသည့် မြစ်ဆုံအနီးတွင် တိုက်ပွဲများကြောင့် ရွာသားများ ထွက်ပြေးနေရသည်ဟု သိရကြောင်း၊ အလားတူ ကရင်ပြည်နယ်ဘက်တွင်လည်း KNU တပ်မဟာ ၅ နယ်မြေအပါအဝင် KNU တပ်မဟာ ၃၊ KNU တပ်မဟာ ၁၊ KNU တပ်မဟာ (၆) နယ်မြေတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရပါကြောင်း၊ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး သောင်းနှင့်ချီသည့် ကလေးသူငယ်များ၊ ကိုယ်ဝန်သည်များ၊ သက်ကြီးရွယ်အိုများမှာ စစ်ဆေးဒုက္ခသည်များ ဖြစ်နေကြောင်း၊ အဆိုပါကိစ္စများမှာ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသားများ ယခုကဲ့သို့ စစ်ဘေးဒုက္ခသည်များ ထပ်မံမဖြစ်စေရေး အကာအကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ယခုစစ်ဘေးဒုက္ခသည်များမှာ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးနေရခြင်း၊ တောတွင်း၌ ဆင်းဆင်းရဲရဲ နေထိုင်ရခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ၎င်းတို့ အား ပုံမှန်အခြေအနေနှင့် ၎င်းတို့၏ရပ်ရွာသို့ ပြန်ရောက်စေရန် မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။ သေနတ်သံတိတ်သွားရန် အရေးကြီး ၉၆။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပုံမှန်အခြေအနေ၊ ပုံမှန်အနေအထားဖြစ်ရန် ပထမဆုံးအနေဖြင့် သေနတ်သံတိတ်သွားရန် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း AA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ သို့သော် ယခုနှစ်ဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် သေနတ်သံ တိတ်သွားခဲ့ကြောင်း၊ သေနတ်သံများ တိတ်သွားသည့်နေက်ပိုင်း တိုက်ပွဲရှောင်ပြည်သူများနေဖြင့် ၎င်းတို့၏ နေရပ်တွင် ပြန်လည်အခြေချနိုင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ အဓိက အားဖြင့် နှစ်ဖက်လိုက်နာရန် လိုအပ်ကြောင်း၊ အထက်တွင် ပြောကြားခဲ့သည့်အတိုင်း KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားသည် ဟုဆိုရလျှင် NCA စာချုပ်ကို ချိုးဖောက်ပြီး တပ်မတော်စခန်းအား တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယခင်က တိုက်ပွဲများ မရှိဘူးလားဟုဆိုလျှင် ရှိခဲ့ပါကြောင်း၊ သို့သော် ရွာသူရွာသားများ ထွက်ပြေးရသည့် အခြေအနေအထိ မရှိခဲ့ကြောင်း၊ ယခင်က မိုင်းထောင်၊ မိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ခြင်းများရှိခဲ့သော်လည်း အောက်ခြေအဆင့် စောင့်ကြည့်ရေးအဖွဲ့ JMC အဖွဲ့များနှင့်သာ ဖြေရှင်းခဲ့ရကြောင်း၊ သို့သော် ယခုဖြစ်စဉ်ကဲ့သို့ ပဋိပက္ခကြီးမားသည့် အခြေအနေ၊ NCA စာချုပ်ကို ချိုးဖောက်ပြီး တပ်မတော်စခန်းအား တိုက်ခိုက်ခဲ့သည့်အခြေအနေ မျိုးဖြစ်ပါက တိုက်ပွဲများ မလွဲမသွေဖြစ်ပွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ စောင့်ထိန်းကြရန်လိုအပ်မည်ဟု ပြောလိုကြောင်း၊ KIA ဘက်တွင် ဖြစ်ပွားနေသည့် ကိစ္စများကိုလည်း မိမိတို့သိပြီးဖြစ်ကြောင်း၊ KIA မှ ဖားကန့်ဒေသဘက်တွင်ရှိသည့် တပ်မတော်စခန်းများနှင့် အဆိုပါဒေသတွင်ရှိသည့် ကုမ္ပဏီလုပ်ကွက်များမှ ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပေါ် မီဒီယာများနှင့် လေ့လာသုံးသပ်သူများအနေဖြင့် နှစ်ဖက်မျှမျှတတ ကြည့်ရန်လိုအပ်ကြောင်း၊ ယခင်က မျှခြေအဆင့်ရှိနေသည့် အခြေအနေမှ တိုက်ပွဲဖြစ်ပွားရသည်မှာ အကြောင်းအရင်းတစ်ခုရှိကြောင်း၊ ထိုအကြောင်းအရင်းကို ရှောင်ရှားနိုင်ပါက တိုက်ပွဲဖြစ်ရန် အကြောင်းမရှိကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။ ၉၇။ Sankei Shimbun သတင်းဌာနမှ သတင်းထောက် ဦးနော်ကိုကိုက KNU တပ်မဟာ(၅) အနေဖြင့် တပ်မတော်စခန်းအား စတင်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖျင်း နားလည်ပြီးဖြစ်ကြောင်း၊ အမှန်တကယ် မိမိတို့မြင်ရသည်မှာ KNU တပ်မဟာ (၅)မှလူများ ကျသွားသည်ကို မြေပြင်တွင် မတွေ့ရကြောင်း၊ ရွာမှလူများ ထွက်ပြေးနေသည်ကိုတွေ့ရကြောင်း၊ အဆိုပါ သောင်းဂဏန်းဖြင့်ချီသည့် လူများကို ၎င်းတို့၏ ဘေးဒုက္ခမှ သက်သာလျော့ပါးအောင် လက်တွေ့ကျကျ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ဆက်လက်မေးမြန်းသည်။ ကူညီထောက်ပံ့ရန် အဆင်သင့်ရှိ ၉၈။ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါနယ်မြေအတွင်းသို့ မိမိတို့တပ်မတော်အနေဖြင့်လည်း ဝင်ရောက်ခြင်းမရှိကြောင်း၊ IDP Camp များ၊ နေရပ်ရွှေ့ပြောင်းသူများနှင့်ပတ်သက်ပြီး မြို့ပေါ်သို့ ရောက်လာသည်ဖြစ်စေ၊ နီးစပ်ရာရွာများသို့ ရောက်လာသည်ဖြစ်စေ တပ်မတော်အနေဖြင့် ကူညီထောက်ပံ့ရန် အဆင်သင့်ရှိကြောင်း၊ တပ်မတော်အနေဖြင့်သာမက ယခင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း ယခင်ကတည်းက ရခိုင်ဒေသတွင် တိုက်ပွဲရှောင် နေရပ် ရွှေ့ပြောင်းသူများနှင့် IDP Camp များရှိ ပြည်သူများကို မိမိတို့နိုင်ငံသားများဖြစ်သည့်အတွက် လျစ်လျူရှုမထားကြောင်း၊ မိမိတို့လက်လှမ်းမီသည့် နယ်မြေအတွင်းသို့ ရောက်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် စားဝတ်နေရေးမှအစ တာဝန်ရှိသလို ကူညီစောင့်ရှောက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ၉၉။ Sankei Shimbun သတင်းဌာနမှ သတင်းထောက် ဦးနော်ကိုကိုက ဆက်လက်မေးမြန်းရာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖြစ်စဉ်များကြောင့် အရပ်သားပြည်သူများ သေဆုံး မှုများရှိခဲ့ကြောင်း၊ တပ်မတော်၏ ပြောကြားချက်များအရ အဓိကရုဏ်းနှိမ်နင်းရေး၊ ဖြိုခွင်းရေး လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့သည်ဟု သိရကြောင်း၊ အဆိုပါဖြစ်စဉ်များတွင် သေဆုံးမှုများ ရှိခဲ့သည်ဟုလည်း သိရကြောင်း၊ သီးခြားအဖွဲ့ အစည်းများ၏ ထုတ်ပြန်ချက်များအရ ယနေ့အထိ ၆၀၀ ကျော်ခန့် ရှိပြီဟု သိရကြောင်း၊ အမည်၊ အသက်၊ နေရပ်များကို အတည်ပြု၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါလူများထဲတွင် မိမိတို့၏ သားသမီးအရွယ်၊ တူ၊ တူမအရွယ် ကလေးငယ်များ ပါဝင်ကြောင်း၊ မော်လမြိုင်၊ မန္တလေး စသည့်မြို့များမှဖြစ်ကြောင်း၊ ရန်ကုန်တွင်လည်း နိုင်ငံခြားဘဏ်ခွဲတစ်ခုမှ ဝန်ထမ်းတစ်ဦးက အိမ်သို့ပြန်လာစဉ် ဖယ်ရီကားပေါ်တွင် အပစ်ခံရသဖြင့် သေဆုံးခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်များသည် မည်ကဲ့သို့ လုပ်ထုံးလုပ်နည်း၊ မည်သည့်ဥပဒေနှင့်အညီ သေဆုံးခဲ့ရသည်ကို သိရှိလိုကြောင်း ဆက်လက် မေးမြန်းသည်။ တရားဥပဒေအတိုင်းဖြစ်စေရမည် ၁၀၀။ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး ပြောသကဲ့သို့ ၆၀၀ ကျော်ရှိပြီဟု AAPP မှ ထုတ်ပြန်ထားသည်ကို သိရှိပါကြောင်း၊ အမည်စာရင်းဖြင့် ထုတ်ပြန်ထားသည်ကိုလည်း သိရှိပါကြောင်း၊ မိမိတို့အနေဖြင့် သေမှုသေခင်းဖွင့်လှစ်ထားသည့် ဆူပူဆန္ဒပြသူစာရင်းတွင် ကျား ၂၃၇ ဦး၊ မ ၁၁ ဦး စုစုပေါင်း ၂၄၈ ဦး ရှိပါကြောင်း၊ ဒဏ်ရာ ရရှိမှုအနေဖြင့် ၄၀၁ ဦးရှိကြောင်း၊ အဆိုပါဒဏ်ရာ ရရှိသူများအား သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးဝါးကုသပေးလျက်ရှိကြောင်း၊ ဆူပူဆန္ဒပြမှုများအား ဖြိုခွင်းရာတွင် နှစ်မျိုးရှိကြောင်း၊ လမ်းပေါ်တွင် ဆန္ဒပြသူများအား ဖြိုခွင်းခြင်းနှင့် အကြမ်းဖက် ဆန္ဒပြသူများအား ဖြိုခွင်းခြင်းတို့ဖြစ်ကြောင်း၊ ရဲစခန်းများအား ဝင်ရောက်စီးနင်းခဲ့သဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ရခြင်းများရှိကြောင်း၊ အဆိုပါအခြေအနေတွင် အနီးကပ်တိုက်ခိုက်ရသည့်အတွက် အနီးကပ် ပစ်ခတ်ရခြင်းများရှိကြောင်း၊ ရဲစခန်းကဲ့သို့ နေရာများနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် နေရာများကို ဝင်ရောက်တိုက်ခိုက်သဖြင့် ကျည်ဆန်သုံး၍ ပစ်ခတ်ခဲ့ရခြင်းများရှိကြောင်း၊ သတင်းထောက်ကြီးပြောသကဲ့သို့ မှားယွင်းပစ်ခတ်မှုမျာလည်း ရှိနိုင်ကြောင်း၊ ဆူပူဆန္ဒပြသူများကြားသို့ ကားဖြင့်ထွက်လာခြင်း၊ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခြင်း စသည့်အခြေအနေများတွင် မှားယွင်းပစ်ခတ်မှုများ ရှိနိုင်ပါကြောင်း၊ လူငါးယောက် သေသွားပြီ၊ ခြောက်ယောက်သေသွားပြီ၊ အဘယ်ကြောင့် ကျည်စစ်ကျည်မှန်နှင့် ပစ်ခတ်နေသနည်းဟု ပြောနေသည်များကို ကြားရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်းပြန်သေနတ်များသုံးပြီး ပစ်ခတ်နေသည်၊ ကျည်ဆန်အစစ်သုံးပြီး အတွဲလိုက် ပစ်ခတ်နေသည်ဟု ပြောကြားကြောင်း၊ သေနတ် အကြောင်းသိသူများရှိသကဲ့သို့ မသိသည့်သူများ လည်း ရှိမည်ဖြစ်ကြောင်း၊ မြင်ဖူးသည့်သူများ ရှိသကဲ့သို့ မမြင်ဖူးသည့်သူများလည်း ရှိမှာဖြစ်ကြောင်း၊ အနည်းဆုံးအနေဖြင့် သေနတ်ဖြင့် ပစ်ခတ်သည်ကို ရုပ်ရှင်ထဲတွင်၊ ဇာတ်ကားများထဲတွင် မြင်ဖူးကြလိမ့်မည်ဖြစ်ကြောင်း၊ အမှန်တကယ်သာ ယခုဆန္ဒပြနေသည့် လူအုပ်စုအား မောင်းပြန်ရိုင်ဖယ်ဖြင့် အတွဲလိုက်ပစ်ခတ်မည် ဆိုပါက ယခု သတင်းထောက်ကြီးပြောနေသည့် လူ ၅၀၀ ဆိုသည့်ပမာဏသည် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါကြောင်း၊ ယခုဆန္ဒပြမှုများသည် လနှင့် ချီနေပြီကို စဉ်းစားကြည့်စေလိုကြောင်း၊ မောင်းပြန် ရိုင်ဖယ်တစ်လက်၏ ပစ်ခတ်မှုနှုန်း၊ လုပ်ဆောင်မှု နှုန်းကိုလည်း စဉ်းစားကြည့်စေလိုကြောင်း၊ မောင်းပြန်ရိုင်ဖယ်မဟုတ်သည့် ကျည်စစ်ကျည်မှန်ဖြင့် ပစ်ခတ်နေရသည့် Automatic ရိုင်ဖယ်များ၊ Semi Automatic ရိုင်ဖယ်များ၏ ပစ်ခတ်မှုနှုန်းကို လည်း သိပြီးဖြစ်ကြောင်း၊ နိုင်ငံခြားသတင်းမီဒီယာများက မျက်စိစုံမှိတ်၍ ရေးသားနေခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မှားယွင်းမှုများမရှိ၊ ခြောက်ပြစ်ကင်းသဲလဲစင်ပါသည်ဟု မပြောလိုကြောင်း၊ ၎င်းတို့၏စိတ်ခံစားမှုများအရ မှားယွင်း ကောင်း မှားယွင်းနိုင်ကြောင်း၊ မိမိတို့ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့သည့် ဘဏ်ဝန်ထမ်းကိစ္စကိုလည်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ တရား ဥပဒေအတိုင်းဖြစ်စေရမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ ၁၀၁။ Sankei Shimbun သတင်းဌာနမှ သတင်းထောက် ဦးနော်ကိုကိုက လက်ရှိဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း မေးကြ၊ ဖြေကြသည်ကို သတိထားမိပါကြောင်း၊ ညှိနှိုင်းဆွေးနွေးရန် ပြည်ပနိုင်ငံကြီးများနှင့် တရုတ်နှင့် အာဆီယံကပါ တိုက်တွန်းထားခြင်းရှိပါကြောင်း၊ ယခင်က ယခုလို ညှိနှိုင်းမှုများပြုလုပ်ရန် မည်သူကမှမပြောကြ၊ မတိုက်တွန်းခဲ့ကြဟု ဗိုလ်ချုပ် ပြန်ဖြေခဲ့သည်များလည်း ရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီကတည်းကပင် တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားမှုများ အရှိန်မြင့်တက်လာခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဆရာတော်ကြီးများ အပါအဝင် ပြည်ပသံရုံးအချို့ကပါ ညှိညှိ နှိုင်းနှိုင်း ဖြေရှင်းကြရန် မေတ္တာရပ်ခံခြင်း၊ တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့သည်ကို မိမိတို့ သတိထားမိခဲ့ပါကြောင်း၊ ယခုအချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ သေဆုံးမှုများလည်း ဖြစ်လာနိုင်သည်ဟု ဗိုလ်ချုပ် သတိပေးခဲ့သကဲ့သို့ ဖြစ်လာခဲ့ပြီး ယခု ဒီပမာဏအထိ သေဆုံးပြီးဖြစ်ပြီး နောက်ထပ် မည်မျှသေဆုံးပြီးမှ ပြီးမည်လဲ၊ အခြားနည်းလမ်းများ ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။ လေးစားလက်ခံ ၁၀၂။ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော် အနေဖြင့် ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းသို့ တောက်လျှောက်သွားခဲ့ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးရေးနှင့် ပတ်သက်၍ မဲစာရင်းများ စတင်ထုတ်ပြန်ပြီး ကတည်းက ညှိနှိုင်းဆွေးနွေးရန် တရားဝင်ထုတ်ပြန်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ သတင်းစာရှင်းလင်းပွဲ မှတစ်ဆင့် ပြောကြားခဲ့ခြင်းများလည်းရှိကြောင်း၊ လူလွှတ်ပြီး ပြောကြားခဲ့ခြင်းများလည်း ရှိပါကြောင်း၊ အဆိုပါအခြေအနေများကို ငြင်းပယ်ခံရသဖြင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခြေအနေတွင် လက်ငင်းဆောင်ရွက် ရမည့်ကိစ္စများကို လက်ငင်းဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်လုပ်ဆောင်မည့်လမ်းစဉ် အနေဖြင့် နိုင်ငံကြီးများ၏ အကြံပြုပြောကြားချက်များ၊ အိမ်နီးချင်းနိုင်ငံများ၏ အကြံပြုပြောကြားချက်များ၊ အခြားနိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး နယ်ပယ်များတွင် တာဝန်ရှိပုဂ္ဂိုလ်များ၏ အကြံပြု ပြောကြားချက်များကိုလည်း လေးစားလက်ခံ၍ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကိုလည်း ပြောကြားပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များ အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အကြံပြုချက်များ၊ ညှိနှိုင်းချက်များနှင့် ပတ်သက်၍ လေးစားပါကြောင်း၊ တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ၁၀၃။ ဆက်လက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုနှစ်သင်္ကြန်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန် မှုအပိုင်းကို ပြောကြားရာ သင်္ကြန်ကာလအတွင်း ကိုဗစ်- ၁၉ ကာလဖြစ်သဖြင့် စင်ကြီးများနှင့် မဏ္ဍပ်အကြီးများအား ခွင့်ပြုမည်မဟုတ်ကြောင်း၊ သို့သော် တစ်ပိုင်တစ်နိုင် ပေ၂၀ ထက် ပိုမကျယ်သည့် မဏ္ဍပ်များနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်နိုင်ကြောင်း၊ ကိုဗစ်- ၁၉ စည်းကမ်းနှင့်အညီ ရေကစားနိုင်ရေးနှင့် ပတ်သက်ပြီး ယနေ့ သတင်းထုတ်ပြန်နိုင်မည်ဟု ထင်မိကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး ကာလတွင် မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။ ။