Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၁ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇) တွင် ကျင်းပသည်။ အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါသည် လက်ရှိကမ္ဘာတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အိမ်နီးချင်း နိုင်ငံများတွင်လည်း လတ်တလောဖြစ်ပွားမှုများပြားလျက်ရှိကြောင်း၊ ထိုသို့ဖြစ်ပွားရာ၌ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုများလည်း တွေ့ရှိနေရသဖြင့် အဆိုပါဗီဇပြောင်း ရောဂါပိုးများ မိမိတို့နိုင်ငံသို့ ရောက်ရှိကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေးနှင့် နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းတစ်ခုအဖြစ် ပေါ်ပေါက်မလာစေရေး အထူးသတိပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေတွင် ဓာတ်ခွဲနမူနာစစ်ဆေးနိုင်မှုအပေါ် တွက်ချက်မှုအရ ရောဂါတွေ့ရှိမှုနှုန်း (၁)ရာခိုင်နှုန်းနှင့် (၂)ရာခိုင်နှုန်းအကြားသာ တွေ့ရှိနေရသော်လည်း မိမိတို့အနေဖြင့် ပေါ့ဆ၍မရပါကြောင်း၊ ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်မှု လျော့နည်းနေပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သော နိုင်ငံ့စီးပွားရေးပြန်လည်ဦးမော့လာရေးအတွက် ခရီးသွားလာမှုနှင့် အချို့သောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးခဲ့ပါကြောင်း၊ သို့ရာတွင် လူတစ်ဦးချင်း အနေဖြင့်ဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်ကြရန်စဉ်ဆက်မပြတ် တိုက်တွန်းခဲ့ပါကြောင်း၊ ထိုသို့ခရီးသွားလာမှုများကို ဖြေလျှော့ပေးခဲ့ရသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်သော အချက်များကို သက်ဆိုင်သူများ၊ လုပ်ငန်းများအနေဖြင့် တသွေမတိမ်း လိုက်နာကြရန် စည်းကမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။ လက်ရှိကျင့်သုံးလျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းစနစ်များကိုလည်း လက်ရှိ အခြေအနေနှင့်ယှဉ်တွဲ၍ ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများ လုံလောက်စွာရှိသည့်အတွက် ဓာတ်ခွဲနမူနာ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်နိုင်စေရန် ဆွေးနွေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဓာတ်ခွဲနမူနာစစ်ဆေးခြင်းအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအပါအဝင် အခြားပုဂ္ဂလိက ကျန်းမာရေးဓာတ်ခွဲခန်းများတွင် လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်ခွဲနမူနာရယူနိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဒေသဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလာမှုများမှ ကူးစက်မှုများပြားလာနိုင်သဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေအပေါ် မူတည်၍ ဒေသအလိုက်သော်လည်းကောင်း ရောဂါရှိ/မရှိ စစ်ဆေးရန် လိုအပ်လာနိုင်သည် ဖြစ်ပါကြောင်း။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုမြင့်တက်နေသဖြင့် နယ်စပ်ဝင်ပေါက် ထွက်ပေါက်များတွင် ပိုမိုဂရုပြုရမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့်ထိစပ်လျက်ရှိသော နယ်စပ်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးများ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်မလာစေရေးအတွက် ဓါတ်ခွဲစစ်ဆေးခြင်း၊ အသွားအလာကန့်သတ်၍ သီးခြားခွဲခြားထားရှိခြင်းစသည်တို့ကို အဆိုပါနယ်စပ် ဝင်ပေါက်များတွင် လိုအပ်သလိုအားဖြည့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နယ်စပ်ဝင်ပေါက်များမှ နေရပ်ပြန်သူများကိုလည်း လမ်းခရီးတစ်လျှောက်တွင် မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရန်အချက်များကိုတိကျစွာလိုက်နာစေရေး ကြပ်မတ် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ (၂၀၂၀)ခုနှစ်၊ ဩဂုတ် လအတွင်း ဒုတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့ခဲ့သဖြင့် ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် အထူးအ လေးပေး အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးသူများပင်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ခြင်းအစရှိသော တစ်ကိုယ် ရည်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်အလေးပေးဆောင်ရွက်ရန် ကျယ်ကျယ် ပြန့်ပြန့်အသိပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်ပို့ဆောင် ဆက်သွယ်ရေးတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းပို့စနစ်ကို နိုင်ငံ့စီးပွား ရေးကဏ္ဍမထိခိုက်စေဘဲ ကျန်းမာရေးကဏ္ဍတွင်လည်း အဆင်ပြေစေရန် ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖြေလျော့မှုများကြားတွင် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ဓာတ်ခွဲနမူနာများမည်သို့ယူမည်ကို ကြိုတင်ပြင်ဆင် ဆွေးနွေးဆောင်ရွက်ရန်နှင့် လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများမှ ကြီးကြပ်တာဝန်ပေးသော ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးများနှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆေးရုံများတွင်လည်း လိုအပ်ချက်များ၊ ကြိုတင်ပြင်ဆင်ထားရှိရန်အချက်များနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှုတို့ကိုဆန်းစစ်၍ အဘက် ဘက်မှကြိုတင်ပြင်ဆင်ထားရှိရမည် ဖြစ်ပါကြောင်း မှာကြားသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(ကူးစက်)ဒေါက်တာတိုးသီရိအောင်က ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ လက်ရှိ ဖြစ်ပွားနေမှုနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားနေမှု အခြေ အနေများ၊ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်) ဒေါက်တာဉာဏ်ဝင်းမြင့်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ် သက်၍ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များ တွင် ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင် (ကုသရေး) က ကုသရေးဦးစီးဌာနမှ ဆေးရုံများတွင်ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ ထုတ်ဝေထားသော စံလုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ကိုလည်းကောင်း၊ ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (ဝယ်/ဖြန့်) ဒေါက်တာ ကျော်စိုးမင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အတွက်စက်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝယ်ယူ ဖြန့်ဖြူး ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (ဝယ်/ဖြန့်) ဒေါက်တာဆွေဇင်ဝင်းက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါကာကွယ်ရေး ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးထားရှိမှု အခြေအနေများနှင့်လိုအပ်ချက်များကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာသန်းနိုင်စိုးက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်းရှင်း လင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာသောသူများမှ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးအကြံ ပြုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။ (သတင်းစဉ်)