နေပြည်တော် ဧပြီ ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (သတ္တုရေးရာ) ရုံးအမှတ် (၁၉) နေပြည်တော် တိုးချဲ့ရုံးအဆောက်အဦသစ် ကဗ္ဗည်းမော်ကွန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါ အဆောက်အဦသစ်၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်၊ ဦးစီးဌာန/လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများက ကဗ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးအဆောက်အဦသစ်အတွင်း ဝန်ထမ်းများ နေရာချထားတာဝန်ထမ်းဆောင်နေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၌ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ၊ တွဲဘက်ပါမောက္ခများနှင့် ဆရာ/ဆရာမများ၊ သစ်တောသုတေသနဌာနမှ ညွှန်ကြားရေးမှူး၊ သုတေသနအရာရှိများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တောများထိန်းသိမ်းခြင်း၊ စိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်လျှက် ရှိသည့်အတွက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် သစ်တောသုတေသနဌာန၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အရေးပါသကဲ့သို့ သစ်တောသုတေသနဌာနအနေဖြင့် ဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများကို လေ့လာသုတေသနပြုရေး၊ ရာသီဥတုပြောင်းလဲမှုအရ ကျရောက်တတ်သည့် ပိုးမွှားများအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သုတေသနပြုရေးနှင့် စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ သုတေသနပြုဆောင်ရွက်ပြီး စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းများ၌ ပြန်လည်အသုံးချနိုင်ရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သုတေသနစခန်းများကို နိုင်ငံတစ်ဝန်း တည်ထောင်ထားရှိပြီး သုတေသနရလာဒ်များကို ကျယ်ကျယ်ပြန့်ပြန့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တက္ကသိုလ်၏ ရည်မှန်းချက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေသနနှင့် ဝန်ဆောင်မှုများ ပေးစွမ်း နိုင်သည့် အဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဖြစ်ပါကြောင်း။
တက္ကသိုလ်၏ တာဝန်မှာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်တွင် အထောက် အပံ့ပေးနိုင်သည့် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များတွင် အရည်အချင်းပြည့်မီသော ကျွမ်းကျင်ပညာရှင်များ ဖြစ်ပေါ်လာစေသည့် ကျောင်းသား/ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန်နှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များတွင် ပြည်သူလူထု၏ အသိပညာများ တိုးမြှင့်လာစေရန်တို့ ဖြစ်ပါကြောင်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သည် နိုင်ငံတော် ပညာရေး မူဝါဒနှင့် ကိုက်ညီပြီး နိုင်ငံတကာ အဆင့်မီသင်ရိုးညွှန်းတန်းများ ဖြစ်စေရေးအတွက် ရေးဆွဲရန်၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားရန်၊ နိုင်ငံတကာ အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်လာစေရေးအတွက် ရုပ်ပတ်ဝန်း ကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့် ဆရာ/ဆရာမများ စွမ်းဆောင်ရည်နှင့် သင်ကြားရေး စနစ်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားရန်၊ ဆရာ/ ဆရာမများ၏ အရည်အသွေးများ အစဉ်မြင့်မားနေစေရန် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ ပညာတော်သင်များ စေလွှတ်သွားနိုင်ရေး ဆောင်ရွက်သွားရန် စသည့်မူဝါဒများ ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျှက် ရှိပါကြောင်း၊ သစ်တောပညာရှင်များ မွေးထုတ် ပေးမှုနှင့်ပတ်သက်၍ ၁၉၂၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သစ်တော(သိပ္ပံ)ဘွဲ့ရများ မွေးထုတ်ပေးခဲ့ရာတွင် ကျား(၂၆၈၂)ဦးနှင့် မ(၃၄၀)ဦး စုစုပေါင်း (၃၀၂၂)ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ နိဂုံးချုပ်အနေဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သည် ၁၉၂၃ ခုနှစ်တွင် စတင် သန္ဓေတည်ခဲ့ပြီး ယခုအထိ အစဉ် အလာကောင်းများကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပါမောက္ခချုပ်က သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ဖွင့်လှစ် သင်ကြားလျက်ရှိသည့် သင်ကြားရေးအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက် ရောက်လာသည့် ဆရာဆရာမများ၊ သစ်တောသုတေသနပညာရှင်များနှင့် ဌာနတာဝန်ရှိ သူများက ဝိုင်းဝန်ဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတန်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)