နေပြည်တော်၊ ဧပြီလ ၁၆
နိုင်ငံတော်အတွင်း လူစုလူဝေးများအနေဖြင့် သာမန်ဆန္ဒပြမှုမှ ဆူပူဆန္ဒပြခြင်း၊ ဆူပူဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုခြင်း၊ လူပုဂ္ဂိုလ်ဆိုင်ရာအငြိုးအတေးများကို အခြေခံ၍ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယူခြင်းများကို အသိဉာဏ်ဆင်ခြင်တုံတရားကင်းမဲ့စွာ ကြံစည်အားထုတ်ပြုလုပ်လာမှုများကို တွေ့ရှိနေရပါသည်။
ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်၊ မထွဲကျေးရွာ ကျေးလက်ကျန်းမာရေးဦးစီးဌာနဝင်းအတွင်းရှိ ဝန်ထမ်း အိမ်ယာအား အကြမ်းဖက်သူလူအုပ်စုမှ မီးရှို့ခဲ့မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ရွာသူရွာသားများ၏ ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် ည ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
အလားတူ မွန်းလွဲ ၂ နာရီအချိန်တွင် ကနီမြို့နယ်၊ လည်ရှည်ကျေးရွာအနီး မုံရွာ−ကလေးဝ ကားလမ်း၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၂၀၀ ဦးခန့်မှ လမ်းအား ပိတ်ဆို့ကာ မုံရွာမြို့ဘက်မှ ကနီမြို့ဘက်သို့ မောင်းနှင်လာသည့် Honda Fit ယာဉ်တစ်စီးအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင်ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့မှာ လမ်းဘေးလျှို အတွင်း၌ ပုန်းအောင်းနေရကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ရာ လည်ရှည် ကျေးရွာအနီးအရောက်၌ ဆူပူအကြမ်းဖက်သူများမှ လမ်းအားအတားအဆီးများဖြင့် ပိတ်ဆို့ကာ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြု ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ ည ၇ နာရီအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စု အတွင်းမှ အမျိုးသား ၃၀ ဦးအားဖမ်းဆီးရမိခဲ့ပြီး ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် တူမီးသေနတ် ၁၉ လက်၊ လက်လုပ်ဗုံး ၅ လုံးတို့အား သိမ်းဆည်းရမိခဲ့ကာ လျှိုအတွင်းပုန်းအောင်နေသော ဦးသန့်ဇင်ထွန်းနှင့် ၎င်း၏ဇနီးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ဧပြီလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နှင့် မိကျောင်းအင်းကျေးရွာ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အလျား ၃၀ ပေ၊ အကျယ် ၁၆ ပေခန့်ရှိ သံဘောင်ဘေလီ ဆတ်သွားချောင်းတံတားအား အကြမ်းဖက် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်