နေပြည်တော် ဧပြီ ၁၆
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိသူများ နှင့်အတူ ဧပြီ(၁၅)ရက်နှင့် ဧပြီ(၁၆)ရက်များတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ တည်ဆောက် ပြုပြင် မွမ်းမံမှုလုပ်ငန်းများကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဧပြီ(၁၅)ရက်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အားကစားကွင်းကို ကြည့်ရှုစစ်ဆေးကာ အားကစားကွင်းသို့ ပြည်သူများ အချိန်ပြည့်လာရောက်ကစားနိုင်ရေးအတွက် အားကစားကွင်း စိမ်းလန်း စိုပြေရေး အတွက် လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ မြို့နယ် တွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် ပြန်လည်ပြုပြင်မွမ်းမံနေသော မိုးလုံလေလုံ အားကစားခန်းမ ပြန်လည်ပြုပြင်ခြင်း (၁၄၀' x ၁၁၀' x ၄၀) လုပ်ငန်းများနှင့် ခရိုင် ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းလှမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တည်ဆောက်လျက်ရှိသော (၁၂၀' x ၉၀') အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးညိုမြို့နယ် ဘောလုံးအားကစားကွင်း ပွဲကြည့်စင် တည်ဆောက်နေမှု၊ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေမှုများ၊ အုတ်ဖိုမြို့နယ် မီတာ (၄၀၀) ပြေးလမ်းနှင့် RCC Post and Chain Link ကာရံခြင်း လုပ်ငန်းများ၊ ပေါင်းတည်မြို့နယ် အားကစားခန်းမ၊ ရွှေတောင်မြို့နယ် ဘောလုံး အားကစားကွင်း၊ ပြည်မြို့နယ် အားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံ့နက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိလာပြီး အလေးမ အားကစားရုံ၊ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ နေအိမ်တည်ဆောက်နေမှု၊ အောင်လံမြို့နယ် ဘောလုံးအားကစားကွင်းနှင့် တောင်တွင်းကြီးမြို့နယ် မိုးလုံလေလုံ အားကစားရုံ၊ အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ နေအိမ်တည်ဆောက်ရန်အတွက် မြေနေရာသတ်မှတ်ပေးခြင်းကို လည်းကောင်း၊ ဆက်လက်၍ မကွေးမြို့နယ်သို့ရောက်ရှိကာ ဖူဆယ်အားကစားရုံနှင့် မကွေးတိုင်း ဘောလုံးအားကစားကွင်း အထူးတန်းပွဲကြည့်စင် တည်ဆောက်နေမှု၊ အားကစားသမား (၃)ထပ်အိပ်ဆောင် တည်ဆောက်နေမှု၊ ခရိုင် အားကစားကွင်း ပွဲကြည့်စင် တည်ဆောက်ထားမှု၊ ခရိုင်ဘောလုံးကွင်း အထူးတန်း ပွဲကြည့်စင် တည်ဆောက်နေမှု၊ တင်းနစ်အားကစားကွင်း အသစ် ပြန်လည်မွမ်းမံရန် ကြည့်ရှုစစ်ဆေးခြင်း၊ ရေနံချောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးနှင့် နေအိမ် တည်ဆောက်ရန် မြေနေရာသတ်မှတ်ပေးခြင်း၊ မိုးလုံလေလုံအားကစားရုံ ပြုပြင်မွမ်းမံရန်နှင့် ရေနံချောင်း ဘောလုံးကွင်း အကာအရံများ (Enter Faences) ပြန်လည်ပြုပြင်မွမ်းမံရန် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)