Skip to main content

မဟာသင်္ကြန်(အတက်နေ့)တွင် နေပြည်တော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အတာ ရေ သဘင်ပွဲတော်နွှဲပျော်

နေပြည်တော် ဧပြီ ၁၆ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် (၁၃၈၂ ခု တန်ခူးလဆန်း ၅ ရက်) မြန်မာ့ရိုးရာ မဟာသင်္ကြန်(အတက်နေ့)တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကုသိုလ်ကောင်း မှုပြုသူများ၊ ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများကို တွေ့ရပြီး စတုဒိသာ မဏ္ဍပ် များတွင်လည်း အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်။ ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုစယဓာတ်ပေါင်းစုစေတီတော်၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၊ လှေခွင်း တောင် တန်ခိုးကြီးဘုရား၊ဘုရားကိုးဆူစေတီ၊ လောကမာရဇိန်စေတီ၊ လောကရန်နှိမ် စေတီ၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တသတ္တာဟသံဝေဇနိယလေးဌာနစေတီ၊ ဖောင်တော်ချက်မစေတီနှင့် အခြားတန်ခိုးကြီး ဘုရားကျောင်းကန်များတွင် ဆွမ်း၊ ရေချမ်း၊ တံခွန်ကုက္ကားနှင့် ရွှေသင်္ကန်းများ လှူဒါန်းပူဇော်ကြသူများ၊ တရားစခန်းများတွင် တရား ဘာဝနာပွားများ အားထုတ်ကြသူများ၊ ရပ်ကွက်ကျေးရွာများအတွင်း အန္တရာယ်ကင်း ပရိတ်နာယူကြသူများနှင့် သီတင်းသီလဆောက်တည်ကြသူများကို တွေ့မြင်ရသည်။ ထို့အပြင် နေပြည်တော်အတွင်း အထင်ကရနေရာများဖြစ်သည့် နေပြည်တော် ရေပန်းဉယျာဉ်၊ ဇေယျာသီရိမြို့နယ် လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်း၊ ကျည်တောင် ရေဆိပ်၊ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းရေလွှဲဆည်တို့တွင်လည်း အနယ် နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူ ရေပက်ကစားကြ၍ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဆင်နွဲကြသည်။ အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်း၊ပျဉ်းမနား၊ လယ်ဝေး၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရီ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိမြို့နယ်များရှိ မိသားစု ရေကစား မဏ္ဍပ်ငယ်များတွင် သင်္ကြန်ချစ်သူပြည်သူများက ပျော်ရွှင်စွာ ရေကစားကြ၍ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့်လည်ပတ်ပြီး ရေပက်ခံ ရေကစားကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် လမ်းလျှောက်ရေပက်ခံ ကစားကြသူများ ကိုလည်း တွေ့ရသည်။ ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေ နိုင်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်း မရှိ စေရန် စစ်ဆေးခြင်း၊ သတိပေးနှိုးဆော်ခြင်းများနှင့် လှည့်ကင်းများဖြင့် စောင့်ရှောက်မှု ပေးခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။ လှေခွင်းတောင် အပန်းဖြေစခန်းသို့ လာရောက်အနားယူ အပန်းဖြေသူ မငယ်ငယ် က “သူငယ်ချင်းတွေစုပြီး လယ်ဝေးမြို့ကနေ လာရောက်တာဖြစ်တယ်။ ဒီနေ့က သင်္ကြန် နောက်ဆုံးနေ့ဖြစ်တဲ့အတွက် အထင်ကရနေရာတွေကို လည်ပတ်ဖို့ရှိတယ်။ နှစ်ဆန်း တစ်ရက်နေ့မှာလည်း သူငယ်ချင်းတွေနဲ့ပဲ ဘုရားသွားပြီး ကုသိုလ်ကောင်းမှု သွား လုပ်ကြဖို့ ရှိတယ်။ နှစ်ဟောင်းမှာ မလုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေ၊ စိတ်ကူးစိတ် သန်းတွေကို အခု နှစ်သစ်မှာ အကောင်းဆုံး လုပ်ဆောင်သွားနိုင်ဖို့နဲ့ မဆုတ်မနစ် ကြိုးစားဆောင်ရွက်သွားဖို့ စိတ်ကူးထားတယ်။ နှစ်သစ်မှာ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါ တယ်” ဟုပြောသည်။ သတင်း-နိုင်အောင် ဓာတ်ပုံ-အေးနော်