နေပြည်တော် ဧပြီ ၁၄
လယ်ဝေးမြို့၊ ပေါက်မြိုင်ကျေးရွာလမ်းဆုံ၌ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၂၀ ခန့်မှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂၀ တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက် သူလူအုပ်စုအတွင်းမှ ဆိုင်ကယ်တစ်စီးနှင့် ခွပ်ဒေါင်းအလံ ၂ ခု သိမ်းဆည်းရမိခဲ့သည်။
အလားတူ နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက်၊ ၇၆ x ၃၄ လမ်းတွင် ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူ လူစုလူဝေး အင်အား ၁၀၀ ဦးခန့်မှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှသွားရောက်ခဲ့ပြီး လူစုခွဲနိုင်ရေး ညှိနှိုင်းဖြေလျော့မှုပြုလုပ်ခဲ့သော်လည်း ဆူပူအကြမ်း ဖက်သူလူအုပ်စုမှ လေးဂွ၊ ဂျင်ကလိ၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်ရန်ပြုတိုက်ခိုက် သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ အမျိုးသား ၁၃ ဦး၊ အမျိုး သမီး ၆ ဦး၊ စုစုပေါင်း ၁၉ ဦးတို့ကို ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်း ၂ လုံး၊ ဂျင်ကလိ ၈ ချောင်း၊ ဆိုင်ကယ်မျိုးစုံ ၁၆ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အတူမွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ဆူပူဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်း ကျေးရွာနေ နေဇော်အောင်(စိစစ်ဆဲ)၏နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရာ နေဇော်အောင်အား နေအိမ်၌ တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သပြေကုန်းရဲကင်းစခန်း၌ ထိန်းသိမ်းထားရှိစဉ် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် သပြေကုန်းကျေးရွာနေ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၅၀ ခန့် ရောက်ရှိလာပြီး ရဲကင်းစခန်းကို ဝိုင်းဝန်းရန်ပြုလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေး ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် လူစုကွဲသွားကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပူးပေါင်းပါဝင်သူများကိုလည်း ဖော်ထုတ်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)