Skip to main content

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦနှင့် တံတားများအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်

နေပြည်တော်၊ ဧပြီ ၁၅

          တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦနှင့် တံတားများကို မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကဲ့သို့သော လုပ်ရပ်များကို နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ၏ သွေးထိုးမှုများ ယုံကြည်ကာ အမျှော်အမြင် အဆင်အခြင်မဲ့စွာဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။

          ထိုသို့လုပ်ဆောင်ရာတွင် ယနေ့ နံနက် ၃ နာရီ ၂၀ မိနစ်တွင် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၁) ရပ်ကွက်ရှိ ပျဉ်းမနားမြို့နယ်အခွန်ဦးစီးရုံးကို အကြမ်းဖက်သူ လူအုပ်စုမှ မီးရှို့ခဲ့မှုကြောင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်၍ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ နံနက် ၄ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အလျားပေ ၈၀ ၊ အနံ ၄ ပေရှိ အဆောက်အဦ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

          အလားတူ နံနက် ၉ နာရီအချိန်တွင် တမူးမြို့နယ်၊ ကွမ်းတောင်းကျေးရွာဟောင်းနှင့် ကွမ်းတောင်းကျေးရွာသစ်ကြားရှိ “ကွမ်းတောင်းချောင်း” ဘေလီတံတားအား ဆူပူအကြမ်းဖက်သူ များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အရှည် ၁၈၀ ပေ၊ အကျယ် ၁၀ ပေခန့်ရှိ သံဘောင်သစ်သားခင်း“ကွမ်းတောင်းချောင်း” ဘေလီတံတားမှာ အကြမ်းဖက်သူများ၏ မီးရှို့ခဲ့မှုကြောင့် အရှည် ၁၅ ပေခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

          အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)