Skip to main content

မြို့နယ်အချို့၌ နိုင်ငံတော်ဆန့်ကျင်ရေး စာသားပါ ရုပ်ပုံကားချပ်များ၊ ဗီနိုင်းစများ ကိုင်ဆောင် လှည့်လည် ဆူပူဆန္ဒပြသူများကို ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁၅

            လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း၌ လှည့်ကင်းဆောင်ရွက်စဉ် ကန်ရှေ့ရပ်ကွက် အရှေ့မြို့ပတ်လမ်း “ရွှေကမ္ဘာ”ကားဂိတ်ရှေ့၌ 4F/7618 Mistubishi ယာဉ်သည် အမြင့် ၉ ပေခွဲခန့်ရှိ ကော်ပိုက်အဖြူရောင်ထိပ်တွင် လက်သုံးချောင်းပုံပါ အနီရောင်အလံကို ကားပေါ်တွင် ထောင်၍ မော်တော်ယာဉ် ၆ စီး၊ ဆိုင်ကယ် ၅ စီးတို့ဖြင့် လှည့်လည် ဆန္ဒပြနေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ရာ 4F/7618 Mistubishi ယာဉ်နှင့်အတူ ယာဉ်မောင်း ကန်ရှေ့ရပ်ကွက်နေ ဖြိုးဝေစိုး(ခ)Sachin Phatia(၂၁)နှစ် (ဘ)ဦးSK ပါ ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။

            အလားတူ နံနက် ၁၁ နာရီခွဲတွင် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းဂုန်းကျော် တံတားပေါ်၌ “United We Stand Divided We Fall” စသည့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ပိတ်စ ၂ ခု အား ချိတ်ဆွဲနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်နေ ဖြိုးငြိမ်းကျော် (၂၇)နှစ် (ဘ) ဦးမျိုးမြင့်ပါ ၅ ဦး ကို နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ပိတ်စ ၂ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

            ထို့အတူ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကော့သောင်းမြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်နှင့် ယင်းဝါရေလှောင်တမံတို့တွင် လုံခြုံရေးဆောင်ရွက်နေစဉ် ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ Welcome To Kawthaung ဆိုင်းဘုတ်အနီးတွင် ရွှေပြည်သာရပ်ကွက်နေ စစ်နိုင်(၁၈)နှစ်၊ (ဘ)ဦးမြင့်စိုးပါ ၅ ဦးကို ဆိုင်ကယ် ၂ စီး၊  A 4 စာရွက်ပေါ်တွင် We Need R2P၊ We Support R2P ၊ We Want Democracy စာသားနှင့် ပိတ်စပေါ်တွင် သင်္ကြန်အကြပ် နှင်းဆီသပိတ် စာသားများပါ နိုင်ငံတော်ဆန့်ကျင်ရေးစာသားများ ရေးသားထားသော ပိတ်စများနှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။

          အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပူးပေါင်းပါဝင်သူများကို ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)