တန်ခူးလသင်္ကြန်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။ သမိုင်းကြောင်း ရှည်လျားသည့် အစဉ်အလာမပျက်ပွဲတော်ဖြစ်သည်။ မြန်မာလူမျိုးများအားလုံး စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲ ကြသည့် ပွဲတော်ဖြစ်သည်။ ထိုပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် နိုင်ငံအတွင်း မတည်မငြိမ် ဆူပူဆန္ဒပြမှုများကြောင့် ယခုတစ်ကြိမ် ရှေးအစဉ်အလာမှ သွေဖည် သွားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်း ကျဆင်းလာသဖြင့် နိုင်ငံတော်က နေအိမ်တွင်သာနေထိုင်ရေး အစီအစဉ်ကို ပယ်ဖျက်ပေးခဲ့သော်လည်း နိုင်ငံအေးချမ်းမှုမှာ တည်ငြိမ်စသာရှိသေး ခြင်း၊ ပြည်သူလူထုကြားတွင် စိုးရိမ်ပူပန်မှုရှိနေခြင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို မလိုလားသောသူများက ယဉ်ကျေးသောသင်္ကြန်ကို တော်လှန်သော သင်္ကြန် အဖြစ် အမျိုးမျိုးပုံဖော်ရန် ကြံစည်နေကြခြင်းတို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန် အစဉ် အလာမှာ မှေးမှိန်နေသည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်၏ အနှစ်သာရမှာ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းခြင်းကို အတာရေဖြင့် ပက်ဖျန်းကြိုဆိုခြင်း၊ နှစ်ဟောင်းမှ အညစ်အကြေး များကို အတာရေဖြင့် ဆေးကြောခြင်း၊ ပူပြင်း သောတန်ခူးလ နွေရာသီကာလ၌ သင်္ကြန်ရေအေးပက်ဖျန်းခြင်းဖြင့် အပူဒဏ်ကိုသက်သာစေခြင်း စသည့်ကောင်းမြတ်မှုများကိုပြုလုပ်ကြခြင်းဖြစ်သည်။ ထိုအစဉ်အလာကောင်းများကို မျက်ကွယ်ပြု၍ အစဉ်အလာကို ဖီလာဆန့်ကျင်ပြုကာ မ များကို ပြုလုပ်ကြခြင်းသည် သင်္ကြန်၏ ကူးပြောင်းခြင်းမင်္ဂလာ ဆိတ်သုဉ်းခြင်းပင် ဖြစ်သည်။
တစ်နည်းအကောင်းဘက်မှ ရှုမြင်မည်ဆိုလျှင် အပျော်လွန်ကျူး၍ အပျက် ဆောင်သည့် အကုသိုလ် အမှုများ ကင်းဝေးသွားသည်ဟု ဆိုချင်သည်။ အမှန် တကယ်တွင် သင်္ကြန်ကာ လရေပက်ဖျန်းခြင်းသည် အေးစေ၊ လန်းစေရန်အတွက် သာဖြစ်ပြီး အဓိကအနှစ်သာရမှာ မင်္ဂလာရှိသောနှစ်သစ်သို့ ကူးပြောင်း ရောက် ရှိရန်အတွက် ကောင်းသောကုသိုလ်အမှုအမျိုးမျိုးကို ပြုလုပ်ကြခြင်းဖြစ်သည်။ ကုန်လွန်ခဲ့ သောနှစ်များက မြန်မာတို့၏ သင်္ကြန်ကာလများကို ပြန်ကြည့်လျှင် ရေသဘင်ပွဲဆင်နွှဲကြရာ၌ များသော အားဖြင့် အရက်သေစာသောက်စားပျော်ပါး ကြရာ ရေသဘင်ပွဲအစား အရက်သဘင်ပွဲဟုပင် ထင်မှတ် ခဲ့ရသည်။ ။
မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပါးလျားလာသောအခါတွင် သင်္ကြန်ပွဲတော်၌ မိန်းကလေး၊ ယောက်ျားလေး အထူးသဖြင့် အရှက်အကြောက်ကြီး ခဲ့သော မိန်းကလေးများပင် အရှက်အကြောက်တရားကင်းမဲ့လာပြီး အရက်သေစာ များကို ပါဝင်သောက်စားလာကြကာ မောင်နှင့် နှမ၊ သားနှင့် အမိ အမြင်မတင့်ဖွယ် လူဘုံအလယ်တွင် ပျော်ပါးလာကြသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် လူကြီးသူမ များက မိမိတို့သားသမီးများအတွက် သင်္ကြန်ကာလရောက်မည်ကိုပင် စိုးရိမ်ပူပန် လာကြသည်။ယခုအခါစိုးရိမ်ပူပန်စရာမလိုတော့ပြီ။ကောင်းသောကုသိုလ်များကိုသာ စိတ်ချလက်ချပွားများနိုင်ပြီဖြစ်သည်။
နှစ်သစ်မင်္ဂလာအခါကာလသို့ရောက်တိုင်း ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ရဟန်းခံရှင်ပြုခြင်း၊ အလှူဒါနပေးဝေခြင်း၊ သက်ကြီးပူဇော်ခြင်း၊ ဇီဝိတဒါန အသက် ဘေးမဲ့ပေးခြင်း၊ ဘုရား၊ ရဟန်း၊ သံဃာတော်များအား လှူဒါန်းပူဇော်ခြင်း၊ ဘုရား
ကျောင်းကန်များတွင်ကောင်းမှုကုသိုလ်ပြုခြင်း စသည့်ကောင်းသောအစဉ်အလာများ ကို ထုံမွမ်းနေအောင် ပြန်လည်တည်ဆောက်ကြရမည်ဖြစ်သည်။ နှစ်ဟောင်းကို အတာရေဖြင့် ဆေးကြောသန့်စင်ရုံဖြင့် အညစ်အကြေးများ စင်ကြယ်သွားမည် မဟုတ်ပေ။ အမှန်တကယ်တွင် မိမိတို့၏ ကိုယ်စီကိုယ်စီ စိတ်ထားများကို စင်ကြယ်
အောင်၊ မွန်မြတ်အောင် ပြုပြင်မှသာ မင်္ဂလာရှိသောနှစ်သစ်ကို ဖြတ်သန်းနိုင်ကြ မည်ဖြစ်သည်။
ပြီးခဲ့သည့် ကုန်ဆုံးခဲ့သောနှစ်ကာလများတွင် ပြည်သူအပေါင်းတို့အနေဖြင့် လောက၏ မတည်ငြိမ်သော ရိုက်ခတ်မှုအမျိုးမျိုးတို့ကြောင့် မပြေလည်မှုများ၊ စိတ်ညစ်ညူးစရာများ၊ စိတ်ဆင်းရဲစရာများ၊ မွန်းကျပ်မှုများကို အကြောင်းခံကာ လောဘ၊ ဒေါသ၊ မောဟစသည့် အကုသိုလ်တရားများ ဖုံးလွှမ်းခဲ့သည်မှာ မငြင်းနိုင် သောအချက်များဖြစ်သည်။ နှစ်သစ်တွင် မင်္ဂလာရှိစွာ၊ ကောင်းမွန်စွာဖြတ် သန်းနိုင် ရန်အတွက် နှစ်ဟောင်းမှအညစ်အကြေးများကို ကောင်းမှုများဖြင့်ဆေးကြောသင့် သည်။ ကောင်းမှုများဖြင့်ကောင်းသောစိတ်ထားများ ပြန်လည်မွေးမြူကာ ကောင်းသော ဘဝများသို့ ပြန်လည်တက်လှမ်းသင့်သည်။
သို့ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်သည် သင်္ကြန်ရေကစား ခြင်းသက်သက် မဟုတ် ပါ။ ရေကစားခြင်းထက်ကောင်းသောအမှုများ၊ ကောင်းသော ယဉ်ကျေးမှုအစဉ်အလာများ ပြန်လည် ဖန်တီး၍ ရှေးအစဉ်အလာကောင်းများကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်း အပ်ပါကြောင်း။ ။