Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ပြည်သူ့ဆေးရုံ ကြီးတိုးချဲ့ ( ၅ ) ထပ် လူနာကုသဆောင်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး

 

နေပြည်တော် ဧပြီ ၁၃

                   ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဧပြီ ၁၂ ရက် မွန်းလွဲ ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာ လာပြီး ရန်ကုန် - နေပြည် တော် - မန္တလေး အမြန်လမ်း (နေပြည်တော် - မန္တလေး အပိုင်း) ပြုပြင်ထိန်းသိမ်း ထားရှိမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ် ချက်များ မှာကြားသည်။

                   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် B.O.T စနစ်ဖြင့် ဆောင်ရွက်သည့် မန္တလေး - စစ်ကိုင်း - မုံရွာလမ်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မုံရွာမြို့သို့ ရောက်ရှိရာ မုံရွာ ပြည်သူ့ဆေးရုံကြီး တိုးချဲ့( ၅ )ထပ် လူနာကုသဆောင်လုပ်ငန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

                   တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က မုံရွာမြို့တွင် ဆောက်လုပ် ရေးဝန်ကြီးဌာန  အဆောက်အဦဦးစီးဌာန  အဆောက်အဦအထူးအဖွဲ့(၁၀)မှ တာဝန်ယူတည် ဆောက် နေသော ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ( ၅ )ထပ် လူနာကုသဆောင် တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးရေး သက်ဆိုင်ရာဌာနများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း။

          ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စနစ်တကျ စိစစ် ချွေတာ သုံးစွဲသွားရန်လိုပါကြောင်း၊ ယခုဆေးရုံသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အတွက်သာမက ဆက်စပ်နေသည့် တိုင်းဒေသကြီး / ပြည်နယ်တို့မှ ပြည်သူများ အတွက်ပါ အကျိုးပြုနိုင်မှာဖြစ်ပါကြောင်း၊ ဆေးရုံအင်္ဂါရပ်နှင့်အညီ အရည်အသွေးကောင်းမွန်သော ဆေးရုံဖြစ်ရန်လိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် လမ်း ၊ တံတားများ တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မုံရွာ - ရေဦး - ကလေးဝလမ်းပေါ်ရှိ တံတား များမှာ ယခုဘဏ္ဍာနှစ်ကုန်လျှင် အားလုံးပြီးစီးမည်ဖြစ်ပါကြောင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း ၊ အလားတူ ကလေးဝ-ကျီကုန်း-တမူး လမ်းပေါ်ရှိ တံတားများကိုလည်း အဆင့်မြှင့်သွားရန် အစီအစဉ်များရှိပါကြောင်း ၊ တိုင်းဒေသကြီးအတွင်းရှိ သစ်သားတံတားငယ် များကိုလည်း ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး အခိုင်အမာ ကွန်ကရစ်တံတားများအဖြစ် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ တိုင်းဒေသကြီး အတွင်းရှိ လမ်း၊ တံတား အခြေအနေများကိုလည်း ဆွေးနွေးပေးစေလိုပါကြောင်း ရှင်းလင်း ပြောကြားသည်။

                   ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင် လင်း က မုံရွာပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် တည်ဆောက်ရေး လုပ်ငန်း များ အရည်အသွေးပြည့်မီစေရေးနှင့် အောင်မြင်စွာပြီးစီးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးစေလို ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

                   ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်မှူးချုပ် ဖြိုးသန့် က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှု၊ တံတားများ မသမာသူ လူတစ်စုက မီးရှို့ဖျက်ဆီးမှုနှင့် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ထားရှိမှု၊ တံတားဆောက်လုပ်ရေးအဖွဲ့များမှ တံတားများပြင်ဆင်ချိန်၌ လုံခြုံရေး ဆောင်ရွက် ပေးမည်တို့ကို ဆွေးနွေးပြောကြားသည်။

          ထို့နောက် အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် က ပြည်သူ့ဆေး ရုံကြီး တိုးချဲ့( ၅ )ထပ် လူနာကုသဆောင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကိုလည်းကောင်း ၊ အဆောက်အဦအထူးအဖွဲ့ (၁၀) မှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဂိုခန့်မာန် က ဘဏ္ဍာရေးနှစ်အလိုက် မြို့ပြ၊ ရေသန့်၊ လျှပ်စစ် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် တည်ဆောက်ရေး မှတ်တမ်းဓာတ်ပုံများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆေးရုံတည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံကြီး အချိန်မီပြီးစီးရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း မြို့ပြ၊ ရေသန့်၊ လျှပ်စစ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ စုပေါင်း၍ မုံရွာပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေကျပ်( ၂၅ )သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)