နေပြည်တော် ဧပြီ ၁၁
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) စက်ရုံအစည်းအဝေးခန်းမ၌ ဆေးဝါးစက်ရုံ(အင်ရောင်း)နှင့် အိမ်သုံးပစ္စည်း စက်ရုံ(မင်းစု)တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စက်မှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ များစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်း ရမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍနှင့်ပတ်သက်သည့် သုတေသနများပြုလုပ်ခြင်း၊ စံချိန်စံညွှန်းများ ရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းများ ထူထောင်ခြင်း၊ စက်မှုဇုန်များဖွံ့ဖြိုးရေးနှင့် ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် Regulatory Body အဖြစ်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Strategy နှင့် Policy များ ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ငွေကြေးအရင်း အနှီးများ ရရှိရေး ဆောင်ရွက်ခြင်း၊ incubation Center များ ထူထောင်ခြင်းဖြင့် ရည်မှန်းချက် ထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏မူဝါဒ၊ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကိုလည်း နိုင်ငံတော်၏ စီးပွားရေး မှုဝါဒများနှင့်အညီ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ အစိုးရ-ပုဂ္ဂလိက PPP ပုံစံ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Private sector led Economic Growth ဆိုသည့်အတိုင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံတော်၏ စီပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ သို့မှသာ Regional Supply Chain မှတစ်ဆင့် Globel Supply Chain အတွင်းသို့ ချိတ်ဆက် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့်လည်း အရည်အသွေးနှင့် အရည်အချင်းပြည့်ဝပြီး professional ဆန်ဆန် လုပ်ဆောင်နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ မိမိစက်ရုံ တိုးတက်ရေးအတွက်လည်း စဉ်းစားတွေးခေါ်၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်ကို မည်သည့်အစိုးရက တာဝန်ယူ သည်ဖြစ်စေ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင် ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်က တရားဝင်ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ဆေးဝါးစက်ရုံ(အင်ရောင်း) စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားကာ သွေးကြောသွင်းဆေးရည်များ ထုတ်လုပ်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အိမ်းသုံးပစ္စည်း စက်ရုံ(မင်းစု)သို့ ရောက်ရှိပြီး စက်ရုံမှူးက လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက အမှာစာရရှိထားသည့် ထုတ်ကုန်များကို အချိန်မီထုတ်လုပ် ပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေး ကိစ္စရပ် များအား အထူးအလေးထား ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်၊ မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မား တိုးတက်စေရေးအတွက် အမြဲမပြတ် လေ့လာသင်ယူကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် စက်ရုံအတွင်း ထုတ်လုပ်ထားရှိသည့် ဆေးရုံသုံး စတီးလ်ပစ္စည်းများ၊ အိမ်သုံးစတီးလ်ပစ္စည်းအမျိုးမျိုးနှင့် ပလတ်စတစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၇)အထည်စက်ရုံ (မြစ်သား) သို့ ရောက်ရှိပြီး စက်ရုံမှူးမှ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဈေးကွက်ဝင်ပြီး Demand ရှိသော ၁/၄၀ ချည်များကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေးထားဆောင်ရွက်ရန် တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)