Skip to main content

သတင်းဌာန ၅ ခုအား ထုတ်ဝေခြင်းလုပ်ငန်းများ ပိတ်သိမ်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်

နေပြည်တော် မတ် ၉ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ်(၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအမိန့်တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေး တို့ကို ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြခြင်း သို့မဟုတ် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန်နေသူများကို အားပေးကူညီရာရောက်သည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြခြင်းကို ပြုလုပ်လျက်ရှိသည့် သတင်းဌာနများအား ထုတ်ဝေခွင့်ပိတ်သိမ်းရန် အခွင့်အာဏာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ နှင့် ပုဒ်မ ၄၂၀ တို့အရ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနအား အပ်နှင်းခဲ့ကြောင်း၊ သို့ပါ၍ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများ၊ ပြစ်မှုကျူးလွန်သူများကို အားပေးကူညီရာရောက်သည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့် ဖော်ပြနေကြသည့် ယခင်က ထုတ်ဝေခွင့်၊ ပြုပေးခဲ့သော မဇ္ဈိမ၊ DVB ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 Day သတင်းဌာနတို့၏ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ကြောင်း၊ ယင်းသတင်းဌာနများသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ခြင်း မပြုကြရန် ဖော်ပြပါရှိပါသည်။ သတင်းစဉ်