Skip to main content

ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းခြင်း

အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်မြန်မာနိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကြိုးပမ်းနေကြ သည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးသည် ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး လတ်တလောလိုအပ်ချက်မှာ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ မိမိတို့ နိုင်ငံအဖို့ စည်းလုံးညီညွတ်ရေးသည် အတိတ်၊ ပစ္စုပ္ပန် အနာဂတ်တည်းဟူသော ကာလသုံးပါးစလုံးတွင် လိုအပ်ချက် ဖြစ်သည်။ ထို့အပြင် ယနေ့နိုင်ငံတွင် ဆောင်ရွက်နေကြရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံတစ်ရပ်လည်း ဖြစ်သည်။ “မြန်မာတို့ စည်းလုံးမိပြီဆိုလျှင် အရှေ့တောင်အာရှ ဖိမ့်ဖိမ့်တုန်ခဲ့သည်ချည်းဖြစ်၏။ သို့သော်ဤသို့စည်းလုံးခဲ့သည့် အချိန်မှာ အလွန်နည်းလှဘိတောင်း။ အနော်ရထာနန်းသက် (အေဒီ ၁၀၄၄-၁၀၇၇) ၃၃နှစ်ဘုရင့်နောင်နန်းတော် (အေဒီ ၁၅၅၀-၁၅၈၁) ၃၁ နှစ်၊ အလောင်းဘုရားနန်းတော် (အေဒီ ၁၇၅၂-၁၇၆၀) ၈ နှစ်နှင့် ဗိုလ်ချုပ်အောင်ဆန်း ၂ နှစ်(၁၉၄၅ ခုနှစ် စစ်ကြီးအပြီး ဗိုလ်ချုပ် နိုင်ငံရေးဦးဆောင်မှုပေးသည့် ကာလကိုသာ ရေတွက်ပါသည်။) စုစုပေါင်း ၇၄ နှစ်သာ မြန်မာ တို့စည်းစည်းလုံးလုံးရှိခဲ့ကြသည်။ အနော်ရထာလက်ထက် ၁၀၄၄ မှစ၍ရေတွက်သော် ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည်အထိ နှစ်ပေါင်း ၉၀၃ နှစ်တွင် ၇၄ နှစ်သာ မြန်မာ တို့ စည်းစည်းလုံးလုံးရှိခဲ့ကြလေသည်။" ဟူ၍ ဆရာ သောင်းထိုက်က “ပထဝီနိုင်ငံရေး" စာအုပ်တွင် ရေးသား ခဲ့ဖူး သည်။ မြန်မာလူမျိုးတို့၏ တစ်ဦးချင်း အလွန် လွတ်လွတ် လပ်လပ်နေလိုသော (Individualstic) စရိုက်လက္ခဏာ၊ အင်အားကြီး နိုင်ငံကြီးများနှင့် လူဦးရေလွန်စွာများသည့် နိုင်ငံတို့နှင့် ထိစပ်နေသည့် နိုင်ငံ၏ တည်နေရာ အနေအထားစသည့် ပထဝီနိုင်ငံရေးဆိုင်ရာ အချက်အလက် များအရ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားမှာ တစ်မျိုးသားလုံး (တိုင်းရင်းသားပြည်သူအားလုံး၏ ရေပက် မဝင်သော စည်းလုံးညီသော်ရေးဖြစ်သည်ဟုလည်း ဆိုထားရာ လွန်စွာမှ စဉ်းစားဆင်ခြင်သင့်သောအချက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်လုံးတွင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရသည့် သူ့ကျွန်ခေတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုမှသည် လွတ်လပ်ရေး ရပြီးနောက် မျက်မှောက်ကာလအထိ ခေတ်သမိုင်း အဆက်ဆက် မြန်မာ့မြေပေါ်တွင် အတူတကွ နေထိုင်လာခဲ့ကြ သောတိုင်းရင်းသားလူမျိုးများအကြား အချင်းချင်းနားလည်မှု ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှုနှင့် စံတန်ဖိုးများမှာ အတိတ်ခေတ် များနှင့် ကွာခြားလာခဲ့ပြီဖြစ်သည်။ အတိတ်ခေတ်က နယ်ချဲ့ ကိုလိုနီတို့ မျိုးစေ့ချခဲ့သည့် သံသယသစ်ပင်ကို အမြစ်ပါ မကျန်အောင် ခုတ်ထွင်တူးနုတ် ရှင်းလင်းပစ်ရမည့်အချိန်၊ ရေပက်မဝင် စည်းလုံးညီညွတ်မှုကို ရယူကာတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ပြီး မြန်မာနိုင်ငံသားမှန်သမျှ ကမ္ဘာ့အလယ်တွင် ခေါင်းမော့ရင်ကော့ ဝင့်ကြွားစွာနေနိုင်ဖို့အတွက် ဝိုင်းဝန်း လုပ်ဆောင်ကြရသည့် အချိန်သို့ ကျရောက်နေပြီဖြစ်သည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မလွှဲ မရှောင်သာသော အခြေအနေများကြောင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ် တွင် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟူ၍လည်းကောင်း၊ ဦးတည်ချက် (၉) ရပ်အနက် နိုင်ငံရေးဦးတည်ချက်တစ်ရပ် အဖြစ် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး" ဟူ၍ လည်းကောင်း ထည့်သွင်းချမှတ်ထားသည်။ စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးတို့သည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့် ပန်းသဖွယ် တည်ရှိနေခြင်းဖြစ်ရာ သံသယကင်းသည့် စည်းလုံးညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ကြပါစေကြောင်း ။ ။