မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူစ ဝိနည်းသိက္ခာပုဒ်တော်များ မရှိသေးမီကာလ၌ မြတ်စွာ ဘုရားရှင်က ရဟန်းတော်များ လိုက်နာစောင့်ထိန်းရမည့် သြဝါဒပါတိမောက် ကို ပြတော်မူ သည်။ ပါတိမောက်ကို ပြသည်ဆိုသည်မှာ ပါတိမောက်ဒေသနာ တော်ကို ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
ပါတိမောက်ဒေသနာတော်ကို ဟောကြားရာ၌ ဗုဒ္ဓဘုရားရှင်တို့၏ ထူးခြား ချက်မှာ (၁) ပွင့်တော်မူပြီးသော ဘုရားရှင်အဆက်ဆက်တို့ ပါတိမောက်ကိုပြခြင်း၊ (၂) မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလအတွင်း တစ်ကြိမ်သာပြုခြင်း၊ (၃)ထိုတစ်ကြိမ်ကိုတပို့တွဲ လပြည့်နေ့တွင် ပြခြင်းတို့ဖြစ်ပါသည်။ သြဝါဒပါတိမောက် နာယူကြသည့် ရဟန်းတော်များသည် (၁) ဧဟိဘိက္ခုရဟန်းများသာဖြစ်ခြင်း၊ (၂) ဆဠဘိညပဋိသမ္ဘိဒါပတ္တ ရဟန္တာများဖြစ်ခြင်း၊ (၃) မည်သူမျှ မပင့်မဖိတ်ဘဲ အလိုလို စုဝေးလာခြင်းဟူသည့် အင်္ဂါရပ်သုံးပါးနှင့် ပြည့်စုံကြရသည်။ ။
ထို့ကြောင့် တပို့တွဲလပြည့်နေ့သည် ရဟန်းတော်များနှင့်စပ်လျဉ်း၍ ထူးမြတ် သည့်နေ့ထူး တစ်နေ့၊ ကြည်ညိုဖွယ်ရာလက္ခဏာများ လွှမ်းခြုံသည့် ကျက်သရေ မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်ပါသည်။ သြဝါဒပါတိမောက်နာယူရန် အင်္ဂါသုံးရပ် နှင့်ပြည့်စုံသော ကဿပညီနောင် ရဟန္တာ ၁၀၀၀၊ အဂ္ဂသာဝကများဖြစ်သည့် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ဦးဆောင်သော ရဟန္တာ ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၀တို့သည်ဘုရားရှင်ရှေ့တော်မှောက်သို့ အလိုအလျောက်စုဝေး လာကြသည်။
ထိုအခါ မြတ်စွာဘုရားရှင်က သြဝါဒပါတိမောက်ပြတော်မူပြီး ရှင်သာရိ ပုတ္တရာကို ပညာ ဧတဒဂ်ဘွဲ့၊ ရှင်မောဂ္ဂလာန်ကို တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း ဧတဒဂ်ဘွဲ့ တို့ကိုချီးမြှင့်တော်မူခဲ့သော ထူးခြားသည့်နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် သည် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် အတုမရှိဘုရားရှင်အဖြစ် ရောက်တော်မူပြီး မိဂဒါဝုန်တောတွင် ပထမဝါဆိုတော်မူသည်။ ထို့နောက် ရာဇဂြိုဟ် ပြည်သို့ ကြွရောက်တော်မူရာ ဝေဠုဝန် ကျောင်းတော်၌ စံတော်မူစဉ် မဟာသက္ကရာဇ် ၁၀၃ ခု၊ တပို့တွဲလပြည့်နေ့တွင် ဩဝါဒပါတိမောက်ပြတော်မူခြင်း၊ ဧတဒဂ်ဘွဲ့များ ချီးမြှင့်တော်မူခြင်းဟူသည့် ထူးခြားသော လက္ခဏာ ဆောင်သည့်နေ့ဖြစ်သည်။
“သြဝါဒ”ဆိုသည်မှာ လိုက်နာကျင့်သုံးသူတို့အား အပါယ်ဘေးမှ ကင်းဝေး စေသော အဆုံးအမစကားများကို ဆိုပါသည်။ ဆုံးမစကားသာဖြစ်၍ မဖြစ်မနေ လိုက်နာရမည့် အဓိပ္ပာယ်မဆောင်ပါ။ ကောင်းကျိုးလိုအပ်သူများ အသိဉာဏ်နှင့် ယှဉ်၍ ကိုယ်ပိုင်အသိဖြင့် လိုက်နာခြင်း ဖြစ်ပါသည်။ နောင်သောအခါ မြတ်စွာ ဘုရားရှင်၏ အဆုံးအမစကားများကိုပင် ကိုယ့်အသိနှင့်ကိုယ် လိုက်နာသူများ နည်းပါးလာပြီး သဒ္ဓါတရားလျော့ပါးလာသဖြင့် မပျက်မကွက် လိုက်နာရမည့် ဝိနည်းသိက္ခာပုဒ်များအဖြစ် ပညတ်ရခြင်း ဖြစ်ပါသည်။ “ပါတိမောက်” ဆိုသည်မှာ ပါတိနှင့် မောက္ခ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ “ပါတိ” စောင့်ရှောက်သည့်တရား၊ “မောက္ခ” သံသရာမှ လွတ်မြောက်ခြင်းဖြစ်သည်။
သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် အကုသိုလ်တရားများကို ရှောင်ရှား၍ တရားတော်အဆုံးအမအတိုင်း စောင့်ထိန်းနေထိုင်လျှင်ထိုသို့စောင့်ထိန်း အပ်သောတရားတို့က စောင့်ထိန်းတတ်သူတို့ကို အပါယ်ဘုံသို့ မကျရောက်အောင် စောင့်ရှောက်သည်ဟု အကျဉ်းချုပ်ဆိုနိုင်ပါသည်။ သြဝါဒပါတိမောက် သုံးဂါထာ သည် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ဟောကြားထားသည့်ပိဋကတ် အနှစ်ချုပ်တရား ဖြစ်ပါသည်။ သြဝါဒပါတိ မောက် အဆုံးအမအတိုင်း လိုက်နာကျင့်ကြံပါက အကုသိုလ်များစင်ကြယ်ပြီး သီလ၊ သမာဓိ၊ ပညာများ ရင့်ကျက် မြင့်တက်ကာ နိဗ္ဗာန်သို့ပင် အရောက်လှမ်းနိုင်ပါသည်။ ။
သြဝါဒပါတိမောက် ဒေသနာတော် သုံးဂါထာသည် ရဟန်းတော်များအား အဓိကထားသည်မှာ မှန်သော်လည်း ဗုဒ္ဓဘာသာဝင်တိုင်း၊ လူပုဂ္ဂိုလ်တိုင်း လိုက်နာ အပ်သည့် ဘဝ၏ငြိမ်းအေး ချမ်းသာရာ၊ ကျင့်သုံးဆောက်တည်ရာ၊ အားကိုးအားထား ပြုရာ အမြတ်တရား ဖြစ်ပါသည်။ အထူးသဖြင့် ကာယကံ၊ ဝစီကံ၊ မနောကံတည်း ဟူသော ကံသုံးပါးအား ထိန်းသိမ်း လိုက်နာခြင်းကို ညွှန်ပြထားခြင်းဖြစ်ပြီး လူတိုင်း လူတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ဒုက္ခဆင်းရဲ မှကင်းဝေး၍ ငြိမ်းအေးချမ်းသာခြင်းကို ရောက်စေမည်။ ။
သို့ဖြစ်ရာ ဘဝကို ငြိမ်းအေးချမ်းသာလိုသော လူသားများအနေဖြင့် ပါတိမောက်အသက်ကယ် ဆေး ကို သောက်သုံးခြင်းဖြင့် လူ့ဘောင်လောက ပျက်စီး ခြင်းဘေးနှင့် ကင်းဝေးစေမည် ဖြစ်ပါကြောင်း။ ။