နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာစီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ Virtual စနစ် ဖြင့်ကျင်းပသည်။
ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က စီးပွားရေးသံမှူးများသည် မိမိတို့တာဝန် ထမ်းဆောင်နေသည့်နိုင်ငံများ၏ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို သိရှိရမည်ဖြစ်သည့်အပြင် နိုင်ငံရေး၊ လူမှုရေးအခြေအနေများ ကိုလည်း ခြုံငုံသိထားရန်လိုအပ်ကြောင်း၊ စီးပွားရေးရှေ့တန်း တိုက်စစ်မှူးများဖြစ်သည့် အားလျော် စွာ နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရန်အတွက် ပို့ကုန်များဈေးကွက်များ ချဲ့ထွင်ရေး၊ စျေးကွက်ခိုင်မာရေးနှင့် ပို့ကုန်အမယ်သစ်များကို တိုးချဲ့တင်ပို့နိုင် ရေးကြိုးပမ်းဆောင်ရွက်သွား စေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍ အရေးပါမှုကို အထူးအလေးထားပါကြောင်းနှင့် စီးပွားရေးသံမှူးများအား project-based နှင့် ရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် result-based ဖြင့် အခြေခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး က မူဝါဒပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုဖိတ်ခေါ်ပါကြောင်း၊ မိတ်ဖက်နိုင်ငံများ/ မိမိတို့နိုင်ငံအား စိတ်ဝင်စားသည့်နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်အမှတ် ၁/၂၀၂၁ ကို ဌာန၏ website တွင် မြန်မာ၊ အင်္ဂလိပ်(၂) ဘာသာဖြင့် ထုတ်ပြန် ထားပြီး၊ ထုတ်ပြန်ချက်များအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်၍ သက်ဆိုင်ရာဝန်ကြီး ဌာန များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများမှ ဆက်သွယ်လာလျှင် အချက်အလက်များ မျှဝေပေးစေလိုကြောင်းနှင့် ကိုဗစ်အလွန်ကာလတွင် နိုင်ငံအတော်များများ၌ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးမှုများရှိရာ မိမိတို့တာဝန် ထမ်းဆောင်နေသည့် နိုင်ငံများ၌ ဆောင်ရွက်နေသည့်အခြေအနေများကို လေ့လာပြီး ပြန်လည် တင်ပြသွားရန် မှာကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တိုင်းပြည်စီးပွားရေးဖွံဖြိုးရေး လျှင်လျှင်မြန်မြန် တိုးတက်ရန် စီးပွားရေးသံမှူး များ၏ အခန်းကဏ္ဍမှာအရေးပါကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးဖြစ်ပြီး GDP ၏ ၂၅ ရာခိုင်နှုန်းခန့်မှာလည်း အဆိုပါကဏ္ဍမှပါဝင်လျက်ရှိရာ လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးသည် စားနပ်ရိက္ခာအတွက်သာမဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင်ဖန်တီးပေးနေပါ ကြောင်း၊ Agrofood system ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားရန်နှင့် အဓိကထုတ်ကုန်များဖြစ် သော ပဲ၊ ဆန်၊ ရေထွက်ကုန်များအပြင် အခြားထုတ်ကုန်များ၏ စျေးကွက်ရရှိရေးကြိုးပမ်းသွား ရန်မှာကြားလိုပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် Bilateral Trade Agreement များမှာ နည်းပါးနေသေးရာ မိမိတို့၏ထုတ်ကုန်များ အရည်အသွေးမီ တင်ပို့နိုင်ရေး အတွက် Sanitary and Phytosanitary Agreement များချုပ်ဆိုသွားနိုင်ရေး ဆောင်ရွက်သွား သင့်သည်များကို အကြံပြုတင်ပြပေးစေလိုကြောင်း မှာကြားသည်။
အစည်းအဝေးပထမနေ့တွင် အမေရိကန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ စီးပွားရေး သံမှူးများမှ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန် သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးဆောင်ရွက်မည့် အခြေအနေများကို တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
အစည်းအဝေး ဒုတိယနေ့ ကို ဖေဖော်ဝါရီ ၂၄ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်၊ ကူမင်း)၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ စီးပွားရေးသံမှူးများ/ ကမ္ဘာကုန်သွယ်ရေးဆိုင်ရာသံမှူး တို့က တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)