နေပြည်တော် ဖေဖော်ဝါရီ ၃
လတ်တလောဆောင်ရွက် နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပ သည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က လက်ရှိဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပထမလှိုင်းတွင် မိမိတို့ ကျန်းမာရေး ဝန်ထမ်းအားလုံးနှင့် ပြည်သူများ အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ကြ သဖြင့် ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီး ယခု ဒုတိယ လှိုင်းဖြစ် ပွားမှုများမှာလည်း ဖြစ်ပွားမှုအရေအတွက် သိသာစွာကျဆင်းလာနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဦးရေလျော့နည်းကျဆင်းလာ လျက်ရှိသော်လည်း ပေါ့ဆ၍ မရပါ ကြောင်း၊ ဆက်လက်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၊ Mask and Face Shield Campaign နှင့် Yellow Campaign ကဲ့သို့သော ပြည်သူလူထု အတွင်း ကျန်းမာရေး အသိပညာ မြင့်မားလာစေရေး လုပ်ငန်းများကို ယခုထက်ပိုမိုအရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရောဂါရှိ/ မရှိ စစ်ဆေး ခြင်းလုပ်ငန်းများ ကိုလည်း အရေအတွက် ပိုမို များပြားစွာ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
မိမိတို့ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရေးလုပ်ငန်းများကိုပါ ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ဆောင်ရွက် သူများ အားလုံးနှင့် ကူညီပံ့ပိုးပေးသူ အားလုံးကို အထူးကျေးဇူးတင်ရှိ အသိအမှတ် ပြုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း မူလအစီအစဉ် အတိုင်း အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ် ချက်နှင့် ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ လိုအပ်ချက်များရှိပါကလည်း အချိန်နှင့်တပြေးညီ ဖြည့် ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေး ဆိုင်ရာ သုံးစွဲခြင်းများကိုလည်း စနစ်တကျအလေအလွင့်မရှိ သုံးစွဲကြစေလိုပါကြောင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲ ရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများသည် လုပ်ငန်း အတွေ့အကြုံ များစွာရှိကြသူများဖြစ်၍ စနစ်တကျစီမံ ခန့်ခွဲ၍ လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ကြစေလိုပါကြောင်း၊ မိမိတို့အားလုံးသည် ပြည်သူ များ၏ကျန်းမာရေးကို အဓိက စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ကို အားလုံးမှ သိရှိ နားလည် ဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး အကြံပြုမှုများအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိ သူ များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)