အခြေခံပြည်သူများ အရေးအကြီးဆုံးကိစ္စမှာ စား၊ ဝတ်၊ နေရေးဖြစ်ပါသည်။ နိစ္စဓူဝအဖို့ ဝတ်စရာမရှိလျှင်သော်မှ စားရေးနှင့် နေရေးမှာ အခြေခံ ပြည်သူများအဖို့ အသက်တမျှ အရေးကြီးပါသည်။ ယင်းအတွက် အခြေခံ ပြည်သူများမှာ နိစ္စဓူဝ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြရသည်။ ယင်းအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်စီးပွား မရေမရာဖြစ်ကြရသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် ဝင်ငွေနည်းပြည်သူများ နေရေးထိုင်ရေး ဖြေရှင်းပေးနိုင်ရန်အတွက် အစီအမံများ အဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများအတွက် နေရေးထိုင်ရေးကို ခေတ်အဆက်ဆက် ဖြေရှင်းပေးလျက်ရှိရာ များသောအားဖြင့် နိုင်ငံ့ဝန်ထမ်းများကိုသာ အိမ်ရာများ တည်ဆောက်ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းမဟုတ်သော အခြေခံပြည်သူများမှာ ခေတ်အဆက်ဆက် စိတ်မအေး ဖြစ်ခဲ့ကြရသည်။
ယခုအခါ အခြေခံပြည်သူများအတွက် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသစ် စတင်အကောင်အထည် ဖော်လာသည်ကိုတွေ့ရသည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ နေအိမ်အခန်းပေါင်း တစ်သောင်း ဆောက်လုပ်မည်ဖြစ်သည်။ နေပြည်တော်တွင် အိမ်ရာအခန်းပေါင်း ၇၀၀ ကျော်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)တွင် အိမ်ရာ အခန်းပေါင်း ၆၀၀၀ ကျော်၊ မန္တလေးမြို့တွင် အိမ်ရာအခန်းပေါင်း ၃၀၀၀ ကျော် ဆောက်လုပ်သွားမည်ဖြစ်သည်။
မကြာသေးမီကလည်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁) နှင့် အပိုင်း (၂) တွင် တန်ဖိုးနည်းနှင့်တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများ အကောင်အထည်ဖော်ပြီးစီးခဲ့ရာ ဝင်ငွေနည်းပြည်သူများ စုဆောင်းငွေကျပ် သိန်း ၃၀ ရှိလျှင် ၁၅ နှစ် အရစ်ကျပေးချေမှုစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ သင့်တင့်သောတိုက်ခန်း တစ်ခန်းကို အနည်းဆုံးတန်ဖိုး ဈေးနှုန်းဖြင့် အရစ်ကျရောင်းချပေးခြင်းသည် အခြေခံပြည်သူ များအား အတတ်နိုင်ဆုံး ဦးစားပေးဖြည့်ဆည်း ပေးခြင်းဖြစ်သည်။
ပြည်သူ့အစိုးရအနေဖြင့် နိုင်ငံ့တာဝန် စတင်ယူခဲ့သည့် ၂၀၁၆ ခုနှစ်၊ ကတည်းက ဝင်ငွေနည်း ပြည်သူများ၊ အိုးပိုင်အိမ်ပိုင်မရှိသူ အခြေခံပြည်သူများအား အငှားအိမ်ရာများ အကောင်အထည် ဖော်၍ နေရေးစိတ်အေးအောင် ဆောင်ရွက်ပေးမှုများကို ယနေ့ထက်တိုင် အဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူ့အငှားအိမ်ရာဟူသည် နိုင်ငံ့ဝန်ထမ်းများသာမက ပုဂ္ဂလိက ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ခေါင်းရွက် ဗျပ်ထိုးဈေးသည်များ၊ တစ်နေ့လုပ်တစ်နေ့စား ကျပန်း အလုပ်သမားများအထိ ပါဝင်သည်။ ထိုအိမ်ရာ စီမံကိန်းများကို မြို့ကြီးသုံးမြို့သာမက ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများတွင်လည်း အကောင်အထည်ဖော်ခဲ့သည်။
အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ၌ အားသာချက်၊ အားနည်းချက်များ ရှိခဲ့သည်။ အချိုးမညီမျှမှုများ ရှိခဲ့သည်။ အိမ်ခြံမြေဈေးကွက်များ အားမကောင်းသည့် အချိန်အခါ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လာသဖြင့် ထိခိုက်မှုများ ပိုမိုဖြစ်ခဲ့ရသည်။ အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှုများ ရှင်သန်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်ရေး တို့ကိုဆောင်ရွက်ရာ၌ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသည် အခြေခံပြည်သူများ နေရေးလည်းအဆင်ပြေ၊ အလုပ်အကိုင် အခွင့်အလမ်း၊ ရင်းနှီးမြှုပ်နှံမှုများလည်း ပြန်လည်ရှင်သန်စေမည့် သားရွှေအိုးထမ်းကိန်းအဖြစ် အကောင်အထည် ဖော်လိုက်ခြင်းဖြစ်သည်။
ယခင်က အိမ်ရာစီမံကိန်းများသည် ဝင်ငွေနည်းပြည်သူများအတွက် မျှော်လင့်စရာမဟုတ်ခဲ့ပေ။ အိပ်မက်ပင် မက်နိုင်ခြင်းမရှိခဲ့ပေ။ ငွေကြေးတတ်နိုင်သူများနှင့် အလယ်အလတ်အဆင့် ရှိသူများသာ အိမ်ရာပိုင်ဆိုင်နိုင်ကြသည်။ ယခုအခါ အခြေခံလူတန်းစားများ တန်ဖိုးနည်းနည်း လေးဖြင့် နေအိမ်အခန်းတစ်ခန်း အငှားပိုင်ဆိုင်နိုင်ကြပြီး ထိုသို့ပိုင်ဆိုင်နိုင်ရန်အတွက်မူ ရသည့် မိသားစုငွေလေးကို စားရေး၊ ဝတ်ရေး၊ အထွေထွေရေးတို့အပြင် တတ်နိုင်သမျှ ချွေတာစုဆောင်း တတ်သူများအဖို့ ရေရှည်ဘဝ ရပ်တည် နိုင်မည့် စိတ်ချရသည့် အခွင့်အရေးဖြစ်သည်။
သို့သော် မည်သည့်အရာတွင်မဆို တည်ဆောက်ခြင်းထက် ရေရှည် ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် ပို၍အရေးကြီးသည့် အချက်ဖြစ်၍ အလေးအနက်ထားရမည်ဖြစ်သည်။ တန်ဖိုးနည်းသဖြင့် ပျက်စီးမြန်ခြင်းလည်း မဖြစ်သင့်ပေ။ ဝင်ငွေနည်းသော အများပြည်သူ စုပေါင်းနေထိုင်ကြသည့် အငှားအိမ်ရာစနစ်ဖြစ်၍ အိမ်ရှင်အနေဖြင့် အခြေခံပြည်သူများ ထည့်ဝင်ငွေ နည်းနည်းဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးကို လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် အတိုင်းထက်အလွန် အဆင်ပြေ ပါလိမ့်မည်။
သို့ဖြစ်ရာ ဝင်ငွေနည်း အခြေခံပြည်သူများအနေဖြင့် နိစ္စဓူဝ ရုန်းကန် လှုပ်ရှားနေကြရသူများ ဖြစ်ကြပြီး ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီ အစဉ်အရ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းသစ်များရရှိစေရေးနှင့် ဝင်ငွေနည်းပြည်သူများ နေရေးထိုင်ရေး ဖြေရှင်းပေးနိုင်ရေး အကောင်အထည် ဖော်ပေးနေသော တန်ဖိုးနည်း အငှားအိမ်ရာစီမံကိန်းများကို စဉ်ဆက်မပြတ် အောင်မြင်စွာဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း။ ။