၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ တက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ တတိယအကြိမ်လွှတ်တော်အတွက် ယခင် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ပါဝင်လာသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်အသစ်များလည်း ထပ်မံအရွေးချယ်ခံခဲ့ကြရသည်။ ယခုအခါ နေပြည်တော်သို့ ရောက်ရှိနေကြသည့် ပြည်သူ့အကျိုး ဆောင်ရွက်သယ်ပိုးကြမည့် တတိယအကြိမ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၏ ရင်တွင်းပြောကြားစကားသံများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ရပါသည် -
ဦးအာကာမျိုးထက် [ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) ]
ကျွန်တော့်မဲဆန္ဒနယ်မြေထဲမှာ မြို့နယ်သုံးမြို့နယ် ရှိပါတယ်။ ဒီသုံးမြို့နယ် ရဲ့ သဘာဝကလည်း သုံးမျိုးဖြစ်နေပါတယ်။ အရှေ့ဒဂုံဆိုရင် ကျေးလက်ဆန်ပါတယ်။ ဒါကြောင့် မြို့နယ်မှာရှိတဲ့ လယ်သမားတွေအတွက် ရသင့်ရထိုက်တဲ့ စိုက်ပျိုး ချေးငွေစရိတ်တွေနဲ့ပတ်သက်ပြီး ကြိုးစားဆောင်ရွက်ဖို့စိတ်ကူးထားပါတယ်။ စိုက်ပျိုးရေး နဲ့ မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် ကြိုးစားချင်တယ်။ မြောက်ဒဂုံဆိုရင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေ များပါတယ်။ အဲဒီနယ်မြေမှာ သူတို့တွေအတွက် အဓိကအခက်အခဲဖြစ်နေတာကတော့ ပင်စင် ထုတ်ယူတဲ့ကိစ္စပါ။
မြောက်ဒဂုံနဲ့ပတ်သက်ပြီး ပင်စင်လွယ်လွယ်ကူကူ ထုတ်ယူလို့ရတဲ့ စနစ်ဖြစ်အောင်၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပိုမိုရရှိအောင် စွမ်းဆောင်ပေးချင်ပါတယ်။ မြောက်ဒဂုံက တည်ငြိမ်အေးချမ်းပြီး ပညာရေး နဲ့ပတ်သက်ရင် ထွန်းပေါက်ပါတယ်။ ဒါကြောင့် ပညာရေးနဲ့ ပတ်သက်တဲ့ Education ၊ Institution ခေါ်တဲ့ အဖွဲ့တွေ အားကောင်းတဲ့အတွက် ပညာရေး နဲ့ပတ်သက်တဲ့အဝန်းအဝိုင်း ဖြစ်စေချင်ပါတယ်။
မြောက်ဥက္ကလာပက အသေးစားစက်မှုလက်မှု လုပ်ငန်းလေးတွေများပြီး လူဦးရေထူထပ်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိအောင်၊ မြောက်ဥက္ကလာပမှာရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေမှာ ရသင့်ရထိုက်တဲ့ ကိုဗစ်ကာလ ကုစားတဲ့ချေးငွေတွေ ရရှိအောင် ကြိုးစားဆောင်ရွက် သွားမယ်လို့ စိတ်ကူးထားပါတယ်။ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိစေချင်ပါတယ်။ မြို့နယ်သုံးခုက သဘော သဘာဝ သုံးခုဖြစ်နေတဲ့အတွက် သုံးမြို့နယ်လုံးကို ထိန်းညှိပြီး ဆောင်ရွက်သွားပါမယ်။
နောက်ထပ် ထူးထူးခြားခြားအနေနဲ့ လူငယ်တွေအတွက် အွန်လိုင်းကနေ သင်တန်းလေးတွေပေးနေပါတယ်။ အဲဒီလူငယ်တွေကနေ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် တွန်းအားပေးနေပါတယ်။ လူငယ်တွေအတွက် အထူးသဖြင့် ပြည်ပပညာသင်ဆုတွေ ရရှိဖို့ကိစ္စတွေနဲ့ ပညာရေး အမြင်ကျယ်ပြီး ပွင့်လင်း အောင် တွန်းအားပေး ဆောင်ရွက်ချင်ပါတယ်။ ကျွန်တော့်ရဲ့မြို့နယ်က ပြည်သူတွေကို ပိုင်ပိုင်နိုင်နိုင် ကတိပေးနိုင်တာ နှစ်ချက်ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ် လျှောက်တဲ့အချိန်မှာလည်း ပါတီ ကို ပေးခဲ့တဲ့ကတိပါ။ ပထမအချက်အနေနဲ့ ကျွန်တော် ရိုးသားပါမယ်။ ဒုတိယအချက်အနေနဲ့ကြိုးစားပါမယ်လို့ ပြောချင်ပါတယ်။
ဦးဘမျိုးသိန်း [ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၁) ]
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ အမျိုးသားလွှတ်တော် တောင်သူ လယ်သမားရေးရာကော်မတီဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပါတယ်။ တောင်သူလယ်သမား တွေနဲ့ပတ်သက်တဲ့ အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေ၊ လယ်ယာထုတ်ကုန်ပစ္စည်းတွေ တိုးမြှင့်နိုင်ဖို့၊ ဈေးကွက်ကို မှန်မှန်ကန်ကန် ရောက်ရှိဖို့၊ တောင်သူ လယ်သမား အဖွဲ့အစည်းတွေ ပေါ်ပေါက် ဖို့ စတဲ့ ကော်မတီရဲ့တာဝန် တွေကို ထမ်းဆောင်ခဲ့တယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအပိုင်းနဲ့ တောင်သူလယ်သမား တွေ လက်ရှိရင်ဆိုင်နေရတဲ့ မြေသိမ်းခံရမှုကိစ္စတွေစတဲ့ အပိုင်းနှစ်ပိုင်းကို လွှတ်တော်မှာ မေးခွန်းမေးတာတွေ ရှိတယ်။ အဆိုတင်သွင်းတာတွေ ရှိတယ်။ ဆွေးနွေးပွဲလုပ်တာတွေရှိတယ်။ ဒါ့အပြင် ပညာပေးသင်တန်းတွေ နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေတက်ပြီး ပါဝင်ဆွေးနွေးတာတွေ ရှိပါတယ်။
ကျွန်တော်တို့ ရေးရာကော်မတီကို ဥပဒေနှစ်ခု တာဝန်ပေးပါတယ်။ ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေနဲ့ စာတိုက်ကြီးဥပဒေပါ။ စာတိုက်ကြီးဥပဒေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြန်လည်ရေးဆွဲခဲ့ပါတယ်။ ပြင်ဆင်ခဲ့ပါတယ်။ မြေသိမ်းအက်ဥပဒေ က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရေးကြီးတယ်။ ဒီဥပဒေကို ကောင်းအောင် ဆောင်ရွက်ပေးနိုင်ရင် မြန်မာနိုင်ငံအတွက်ရော၊ တောင်သူ လယ်သမားတွေ အတွက်ရော ပိုကောင်းမွန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် တို့ကော်မတီက ဒီဥပဒေကို အသစ်ရေးဆွဲကြမယ်ဆိုပြီး တိုင်ပင်ကြတယ်။ အကြိမ်ကြိမ် တိုင်ပင် ဆွေးနွေးပြီး လွှတ်တော်မှာ အတည်ပြုပေးနိုင်ခဲ့တယ်။ လယ်ယာမြေနဲပတ်သက်တဲ့ဥပဒေတွေကို ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်။ ဥပဒေပြဋ္ဌာန်းချက်တွေ၊ နည်းဥပဒေနဲ့အညီ သက်ဆိုင်တဲ့ အစိုးရဝန်ကြီးဌာနတွေ က ဆောင်ရွက်မှု ရှိ၊ မရှိကို အဓိကထားပြီးတော့ စောင့်ကြည့်ထိန်းသိမ်းပေးတယ်။
လာမယ့်လွှတ်တော်သက်တမ်းငါးနှစ်မှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လုပ်လို့ရတာတွေအများကြီးရှိပါတယ်။ တချို့ ဥပဒေနဲ့ပတ်သက်လို့ ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်။ နည်းဥပဒေတွေမှာ လိုအပ်နေတာတွေကို ဆွေးနွေး ဖို့လိုတယ်။ ဒါတွေကို သေချာကြည့်ပြီးတော့မှ ခေတ်ကာလနဲ့အညီ ဒီဥပဒေတွေကို ဆွေးနွေးဖို့လိုပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးအပိုင်းတွေမှာ အထွက်တိုးလာအောင်နဲ့ သား၊ ငါးကဏ္ဍ တိုးတက်အောင်ထုတ်လုပ်ဖို့ လိုအပ်သလို ထွက်ရှိ လာတဲ့အချိန်မှာ ဈေးကွက်မီဖို့၊ သင့်တင့်တဲ့ဈေးရဖို့ အချိတ်အဆက် တွေ လုပ်ပေးရမယ်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာလည်း တောင်သူတွေရော၊ လုပ်ငန်းရှင်တွေရော ပူးပေါင်းပြီးလုပ်ကြမှ သီးနှံတွေထွက်လာတဲ့အချိန် ဈေးကွက်ဝေစုရဖို့အတွက် ဝန်ကြီးဌာနတစ်ခုတည်းမက ဝန်ကြီးဌာန သုံးခု၊ လေးခု အကုန်လုံးချိတ်ဆက်ပြီး တိုင်ပင်ကိုက်လုပ်သွားရမယ့်ကိစ္စတွေ ရှိပါတယ်။ ဒါတွေကို ဆောင်ရွက်သွားပါမယ်။
ဒေါက်တာတင်မောင်ထွန်း [ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၉) ]
ကျွန်တော်တို့နိုင်ငံမှာ အရေးတကြီးလိုအပ်နေတာက ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ မြှင့်တင်ဖို့ပါ။ အဓိက ကျန်းမာရေး နဲ့ ပတ်သက်ရင် ကျန်းမာရေး ဝန်ထမ်းတွေ အများအပြားမွေးထုတ်ပေးဖို့၊ ပညာရေးနဲ့ပတ်သက်ရင်လည်း နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့အတွက် အနည်းဆုံးအလယ်တန်းအဆင့်အထိ မသင် မနေရဖြစ်စေချင်တယ်။
လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်မှလည်း ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများရဲ့ ဘဝဟာ တိုးတက်မှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ရဲ့မိခင်ပါတီ ဖြစ်တဲ့ NLD ရဲ့ မူဝါဒလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ပြည်သူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံး အလုပ်အကျွေး ပြုရမယ့်တာဝန် ရှိတယ်။ လွှတ်တော် သက်တမ်းအတွင်း ပါတီရဲ့ မူဝါဒလမ်းညွှန်ချက်အတိုင်း ပြည်သူ့ကောင်းကျိုးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားပါမယ်။
ဦးအောင်မျိုးလတ် [ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) ]
ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်းမှာ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်က မြို့နယ်တွေကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်ခဲ့တယ်။ လွှတ်တော်မှာ လည်း တကယ့်အရေးကြီးတဲ့ မူဝါဒပိုင်းတွေကို အများကြီး ဆွေးနွေး နိုင်ခဲ့တယ်။ အဓိကကျတာတွေကို ဆွေးနွေးနိုင်ခဲ့တယ်။ အကြံတွေအများကြီး ပေးနိုင်ခဲ့တယ်။
အခုလာမယ့် တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအကျဆုံးက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စ၊ နောက်တစ်ချက် က တောင်သူတွေရဲ့ စိုက်ပျိုးသီးနှံဈေးကွက်ကိစ္စနှစ်ခုကို လုပ်ရမယ်။ စိုက်ပျိုးသီးနှံဈေးကွက်ရရှိဖို့ဆိုရင် နိုင်ငံကြီးတစ်ခုတည်းမှာ အမှီပြုနေတာမျိုးမဟုတ်ဘဲ နိုင်ငံတော်တော်များများကို စုံစုံလင်လင်ပို့နိုင်ဖို့ အရေးကြီးတယ်။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးဟာ အဓိကဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုး သီးနှံတောင်သူနဲ့ပတ်သက်ပြီး အလယ်ပိုင်းဒေသတွေမှာဆို ရာသီဥတုမမှန်ကန် တဲ့အတွက် မိုးကောင်း သောက်တွေ၊ ဆည်ရေသောက်တွေက အဆင်မပြေဘူး။ ဒါကြောင့် စိုက်ပျိုးရေရရှိဖို့ အဓိကကျတယ်။ ဒါတွေကို ဖြေရှင်းဖို့ စဉ်းစားထားတာ ရှိပါတယ်။ ပညာရေးပိုင်းနဲ့ ပတ်သက်ပြီး အခမဲ့ပညာရေးကဏ္ဍပေါ့။ မူလတန်း အဆင့်နဲ့ အလယ်တန်းအဆင့်တွေကို အခမဲ့ပညာရေးလုပ်တာက ဘာသိသာလည်းဆိုတော့ ကျောင်းနေနှုန်း မြင့်လာတယ်။ လက်ရှိအစိုးရသက်တမ်းမှာ အဆင့်တိုးမြှင့်ပေးသင့်တဲ့ကျောင်းတွေ အဆင့်တိုးပေးတဲ့အတွက် ကလေးတွေ ကျောင်းနေမြဲလာတယ်။ ကျောင်းနေ နှုန်း မြင့်လာတယ်။ အခုလက်ရှိမှာကလေး ဗဟိုပြု သင်ကြားရေးပုံစံမျိုးကို စနစ်တကျပြုပြင်ပြောင်းလဲလာတယ်။ ဒါကြောင့်မကြာခင်မှာ ထိရောက်တဲ့ အကျိုးရလဒ်တွေ ထွက်လာပါမယ်။ လက်ရှိမှာလည်း သိသာမြင်သာတဲ့ အကျိုးရလဒ်တွေရှိပါတယ်။
လက်ရှိ လွှတ်တော်သက်တမ်းမှာ လုပ်စရာတွေ တော်တော်များပါတယ်။ ကိုဗစ်-၁၉ အလွန်မှာ ရုန်းကန်ရမယ့် စီးပွားရေးကိစ္စတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က ဘယ်လိုလုပ်မယ်ဆိုတာထက် ဖြစ်ပေါ်လာတဲ့အခြေအနေအပေါ် ကြိုးစားပြီး လုပ်ကိုင်ရမှာတွေ ရှိပါတယ်။ နောက်မဟာဗျူဟာရွေးထားတဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို လည်း ဆက်လက်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒီသက်တမ်း အတွင်း ကျွန်တော်တို့ တိုင်းပြည် ငြိမ်းချမ်းရေး အတွက်ရော တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးရေးအတွက်ရော၊ ပညာရေး၊ ကျန်းမာရေး အတွက်ရော၊ အားလုံးတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကျတဲ့ နှစ်လည်းဖြစ်နေပါတယ်။
ဒေါက်တာအောင်လင်း [ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) ]
လာမယ့် လွှတ်တော်ငါးနှစ်တာသက်တမ်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ အကျပ်အတည်းဖြစ်တဲ့၊ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကအဟန့်အတား လည်းဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပထမကြိုးစား ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒေသဖွံ့ဖြိုးရေးအပိုင်းပါ။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းက လယ်ယာကို အဓိကအခြေခံပါတယ်။ ကျေးလက်နေပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဓိကဆောင်ရွက်မယ်။ ကျွန်တော် တို့က စက်မှုနိုင်ငံကို အခြေခံထားတာမဟုတ်ဘဲ စိုက်ပျိုးရေးကို အခြေခံတဲ့အတွက် စိုက်ပျိုးရေး လုပ်ငန်းကို နည်းပညာ အဆင့်မြင့်မြင့်နဲ့ သွားနိုင်မယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ လျင်လျင်မြန်မြန် ရောက်ရှိမယ်လို့ ယုံကြည်တယ်။
နောက်တစ်ခုက မွေးမြူရေးကဏ္ဍပါ။ ကျွန်တော်ကိုယ်တိုင်က တိရစ္ဆာန် ဆေးကုဆရာဝန်ဖြစ်ပြီး ဝန်ထမ်းဘဝနဲ့လည်း အချိန်အကြာကြီး ကျင်လည်ခဲ့တယ်။ ဒါကြောင့် ကျေးလက်နေပြည်သူလူထုနဲ့ ထိတွေ့မှုရှိတယ်။ ကျွန်တော်တို့ နိုင်ငံက မွေးမြူရေးကဏ္ဍမှာလည်း နောက်ကျနေတာတွေရှိတယ်။ မွေးမြူရေးကဏ္ဍမှာ ထုတ်ကုန် တွေကို ကျန်းမာရေး နဲ့ညီညွတ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့ ပြည်ပထုတ်ကုန်အဖြစ် ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လျင်လျင် မြန်မြန်ရရှိမှာပါ။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက SME ကဏ္ဍပါ။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီး တွေနည်းတူ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်လည်း ဆောင်ရွက်ရပါမယ်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ စတင်မဲဆွယ် စည်းရုံးစဉ်ကတည်းက ကျွန်တော့်ရဲ့ မျှော်မှန်းချက် လုပ်ငန်းစဉ်က ဒီကိစ္စတွေ ပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် တာဝန်ယူတဲ့အချိန်မှာလည်း ဒီကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဦးထန်ဆေး [အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၇)]
ကျွန်တော်တို့ တမူးမြို့နယ်က အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တယ်။ နယ်စပ်ဒေသဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောရင် ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ ဒေသလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ဒေသနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစွမ်းကုန်ကြိုးစားပြီးတော့ ဆောင်ရွက်ဖို့ ရည်ရွယ် ထားပါတယ်။ နောက် ကျွန်တော်တို့ဒေသဟာ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံနေထိုင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ ဆည်မြောင်း၊ လယ်ယာဖော်ထုတ်ရေး စတာတွေကိုလည်း ကြိုးစားဆောင်ရွက်သွားပါမယ်။
ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီခြေလှမ်းစတင်နေတဲ့ကာလဖြစ်တဲ့အတွက် ဒီမိုကရေစီအခြေခိုင်မာအောင် လုပ်ဆောင်ဖို့ အဓိကတာဝန်ရှိတယ်လို့ ယူဆပါတယ်။ လွှတ်တော်မှာ နိုင်ငံအတွက် အဓိကလိုအပ်တဲ့၊ ကျွန်တော်တို့ လိုလားတဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးကိစ္စတွေနဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေကိုလည်း တတ်အားသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာပါ။ ဒေသအခက်အခဲတွေကို ပြည်သူတွေက တင်ပြထားတာ တွေရှိပါတယ်။ ဒေသအတွက် လိုအပ်ချက်ဆိုင်ရာ မေးခွန်း မေးမြန်းတာတွေ ဆွေးနွေးတာလည်း လုပ်သွားမှာပါ။ သိမ်းဆည်းမြေကိစ္စ၊ ကိုယ့်ဒေသမှာရှိတဲ့ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးစွာနေထိုင်ရေး စတဲ့ကိစ္စတွေနဲ့ ပတ်သက် တဲ့အဆို တွေလည်း တင်ပြဆွေးနွေးဖို့ရှိပါတယ်။
ဦးထွန်းထွန်းဦး [ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)]
ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင် ဖြစ်ပါတယ်။ အထူးတာဝန်အနေနဲ့ မူလက လျှပ်စစ် အင်ဂျင်နီယာဖြစ်တဲ့အတွက် လျှပ်စစ်ဝန်ကြီးဌာနရဲ့ဘတ်ဂျက်ကို စိစစ်တဲ့ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၃)ရဲ့အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ အခု သက်တမ်းမှာလည်း အကယ်၍ တာဝန် ထမ်းဆောင်ခွင့်ရမယ်ဆိုရင် ဒီတာဝန် နှစ်ခုကို ပြန်ပြီးထမ်းဆောင်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်လက်စအလုပ် တွေလည်းရှိတယ်။ လုပ်ငန်းရဲ့သဘောသဘာဝတွေလည်း နားလည်နေတဲ့အတွက် ဒီကော်မတီနှစ်ခုရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ်လို့ ရည်ရွယ်ထားပါတယ်။
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်းမှာ ပြည်သူတွေရဲ့အသံတွေ နားထောင်၊ သူတို့ဆန္ဒကိုသိအောင် ကြိုးစားပြီးတော့ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၂၀ မေးမြန်း ခဲ့ပါတယ်။ နောက်ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမှု (၁၅) ကြိမ်၊ အမျိုးသားလွှတ်တော်မှာ ဥပဒေနဲ့ပတ်သက်ပြီးဆွေးနွေးတာ (၄)ကြိမ်၊ အဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးတာ (၄)ကြိမ် ဆွေးနွေးခဲ့တယ်။ ဒါတွေကိုလည်း စုပေါင်းပြီး စာအုပ်ထုတ်ထားတာရှိပါတယ်။ လွှတ်တော်အတွင်း ဆောင်ရွက်ချက်ကတော့ မှတ်တမ်းတင် လောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အခုတတိယအကြိမ် သက်တမ်းမှာလည်း ပြည်သူ့ရဲ့အသံကို နားထောင်၊ ပြည်သူ့ဆန္ဒကိုသိအောင် ကြိုးစားပြီး တတ်နိုင် သရွေ့ အခုလိုပဲ မေးခွန်းတွေ၊ အဆိုတွေနဲ့ ဥပဒေကြမ်း တွေ တင်သွင်းနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြည်သူကိုသတင်းစကားပါးချင်တာကတော့ ကျွန်တော်တို့ ဒီမိုကရေစီခရီး လမ်းက မပြီးဆုံးသေးပါဘူး။ အားလုံးလည်း ကြားကြမှာပါ။ အမျိုးမျိုးသော အခက်အခဲ၊ အနှောင့်အယှက်တွေ အများကြီးကြုံတွေ့ရတယ်။ ပြီးခဲ့တဲ့သက်တမ်းအတွင်းမှာ တတ်နိုင်သရွေ့ ကြိုးစားထမ်းဆောင်ပြီး ဒီမိုကရေစီအုတ်မြစ် အခြေခံကတော့ မခိုင်သေးဘူးပေါ့။ အဲဒီတော့ ဒီမိုကရေစီအုတ်မြစ်အခြေခိုင်ဖို့ဆိုရင် ဒီငါးနှစ်သက်တမ်းမှာ ပြည်သူကကျွန်တော်တို့နဲ့အတူ တစ်သွေးတည်း တစ်သား တည်း ပူးပေါင်း လက်တွဲပြီး ဆောင်ရွက်ပေးမှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် နောင်လာနောက်သားတွေအတွက် ဒီမိုကရေစီအုတ်မြစ် အခြေခံခိုင်ခံ့အောင် ဒီငါးနှစ်သက်တမ်း အတွင်းမှာလည်း မားမားမတ်မတ် ဆက်လက်ရပ်တည်ပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြည်သူပြည်သားတွေကို ပန်ကြားလိုပါတယ်။
ဦးကျော်တုတ် [ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂ )]
ယခင်လွှတ်တော်သက်တမ်းမှာတော့ ကိုယ်စားပြု ပြည်နယ် မြို့တွေမှာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ပေးခဲ့ပါတယ်။ အခုဆိုရင် ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ပုဂံညောင်ဦးမြို့နဲ့ ကျောက်ပန်းတောင်း မြို့နယ်တွေမှာ မြို့နယ်လုံးကျွတ် လျှပ်စစ်မီးရရှိတော့မှာ ဖြစ်ပါတယ်။ အခုလာမယ့် လွှတ်တော်သက်တမ်းကာလ မှာတော့ နှစ်မြို့နယ်လုံးကို ကျေးလက်လမ်းတွေ အားလုံးရအောင် လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်တွေ ကျေးရွာတိုင်းမှာ စက်ရေတွင်းတွေ ရှိနေပါပြီ။ ဒါပေမယ့် တချို့စက်ရေတွင်းတွေက သောက်သုံးရေအဆင့်အထိ မရသေးပါဘူး။ ဒါကြောင့် ကျေးလက်လမ်းနဲ့ သောက်သုံးရေ အဆင့်ပြည့်မီစွာ ရရှိအောင် ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ပါတီအတွက်၊ လွှတ်တော်အတွက်နဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းရာမှာလည်း ပြည်သူ့ဆန္ဒအတိုင်း အဂတိ ကင်းရှင်းစွာနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ လာမယ့် ငါးနှစ်မှာလည်း ပြည်သူ့ဆန္ဒတွေ နဲ့အညီ တောင်းဆိုတဲ့ အရာတွေကို လွှတ်တော်ကတစ်ဆင့် မေးခွန်းမေးမြန်း တောင်းဆိုမှုနဲ့ အပြင်မှာ အလွတ်သဘော တွေ့ဆုံတောင်းဆိုတာတွေကိုလည်း အဲဒီနည်းလမ်းနှစ်မျိုးနဲ့ အဂတိကင်းစွာဖြင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ကျွန်တော့်မဲဆန္ဒနယ်က နေပြည်တော်ကနေသွားရင် မိုင် ၁၈၀ ပဲ ရှိတဲ့အတွက် လွှတ်တော်နားတဲ့ကာလ မဟုတ်သော်လည်း စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ မဲဆန္ဒနယ်ကို ပြန်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံပါတယ်။ လွှတ်တော်နားတဲ့ကာလ တွေမှာတော့ အစီအစဉ်ဆွဲပြီး ပြည်သူတွေနဲ့တွေ့ဆုံပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်တာ ကာလမှာ ပညာရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ လူထုတွေ့ဆုံပွဲတွေ လုပ်ပါတယ်။ လာမယ့် ငါးနှစ်တာကာလမှာလည်း ဒီလိုတွေ့ဆုံပွဲတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့် ပါတယ်။ လူထုတွေ့ဆုံပွဲတွေ မဟုတ်သော်လည်း သီးသန့်သွားပြီး တွေ့ဆုံပါတယ်။ လာမယ့် ငါးနှစ်တာ ကာလမှာ ပြည်သူတွေရဲ့ဆန္ဒတွေကို အဂတိကင်းရှင်းစွာနဲ့ အင်တိုက်အားတိုက် စွမ်းစွမ်းတမံဆောင်ရွက်သွားပါမယ်လို့ ပြည်သူတွေကို ပြောချင်ပါတယ်။
သတင်းအင်တာဗျူး
မျိုးမင်းနိုင်
ဓာတ်ပုံ-ဟိန်းမင်းစိုး