နေပြည်တော် ဇန်နဝါရီ ၂၅
ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) လုပ်ငန်းအဖွဲ့၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံ၌ ကျင်းပလျက်ရှိပြီး ယနေ့တွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် UPR အစီရင်ခံ စာသုံးသပ်မှုပြုလုပ်ဆောင်ရွက်ကြသည်။
အစီရင်ခံစာသုံးသပ်မှုသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့် ဖြင့် လည်းကောင်း၊ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူ နှင့် ကိုယ်စားလှယ် အဖွဲ့သည် ဂျီနီဗာမြို့မှလည်းကောင်း ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံ သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်လျက်ရှိပြီး လူ့အခွင့်အရေး လေးစား လိုက်နာခြင်း၊ ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့ကို အလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံ လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့သည် စစ်မှန်သောဒီမိုကရေစီ ဖော်ဆောင်ရာတွင် အခြေခံ လိုအပ်ချက်များ ဖြစ်ပါကြောင်း၊ နှစ်ပေါင်း(၇၀)ကျော်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် ချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံညီလာခံကို (၄) ကြိမ်မြောက် ကျင်းပခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တည်ဆဲ ဥပဒေများကို ဒီမိုကရေစီစံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်စေရေးအတွက် အစီရင်ခံ သည့် (၅)နှစ်တာ ကာလအတွင်း စုစုပေါင်း ဥပဒေ(၁၈၅)ခုကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ် ပြဋ္ဌာန်းခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိကာလတွင် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တုံ့ပြန်တွန်းလှန် နိုင်ရေး အတွက် မည်သူတစ်ဦး တစ်ယောက်မျှ ချန်လှပ်မထားရေး မူဝါဒအရ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်(COVID-19 Economic Relief Plan-CERP)ဖြင့် နိုင်ငံတစ်ဝန်း ဘဏ္ဍာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကုစားမှုများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တရားစီရင် ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် မဟာဗျူဟာများချမှတ်၍ လွတ်လပ်သော တရားစီရင်ရေး၊ ဥပဒေအသိပညာပြန့်ပွားရေး၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေး၊ မှုခင်းစီမံ ခန့်ခွဲမှုစနစ်ဖြင့် တရားရုံးလုပ်ငန်းများ ထိရောက်မှန်ကန်ရေးတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရခိုင်ဒေသအတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် စပ်လျဉ်း၍ လွတ်လပ် သော စုံစမ်းစစ်ဆေး ရေးကော်မရှင်(ICOE) အစီရင်ခံစာအရ ကျူးလွန်သူများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့်စစ်ဥပဒေ ချုပ်ရုံးတို့က ဦးဆောင်၍ စုံစမ်းစစ်ဆေးအရေးယူ လျက်ရှိပါကြောင်း။
အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကိုတားဆီးရေးအတွက် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက် တစ်ရပ်ကိုအများ ပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ခဲ့ကြောင်း၊ အမုန်း တရားများ ကာကွယ် တားဆီးရေးဥပဒေကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ လွတ်လပ်မျှတ၍ ပွင့်လင်း မြင်သာသော အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာတွင် ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ စနစ်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အဖက်ဖက်က ပံ့ပိုး ကူညီ ခဲ့ကြသော မိတ်ဆွေနိုင်ငံများနှင့် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာအပေါ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း(၁၀၇) နိုင်ငံက ဆွေးနွေးမေးမြန်း အကြံပြုကြသည်။
အဆိုပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအဖွဲ့ ခေါင်းဆောင် မြန်မာ အမြဲတမ်း ကိုယ်စား လှယ်က နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ အလေ့ ကျင့်ကောင်း များကျင့်သုံးခြင်း၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးကို ရှေးရှုသည့် စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် အလေးထား ဆောင်ရွက်နေပါ ကြောင်း၊ အဂတိ လိုက်စား မှုတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း အထူးအလေးထား ဆောင်ရွက် နေပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေး အစီအစဉ်ကို ချမှတ်ခဲ့ပြီး စေ့စပ်ဆွေးနွေး မှုများမှတစ်ဆင့် ပဋိပက္ခများ ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ် တည်ဆောက် လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူ များ၏ IDP စခန်းများ ပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတို့ကို ဦးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား နှစ်နိုင်ငံသဘော တူညီချက် များဖြင့် နေရပ်စွန့်ခွာသူများကို ပြန်လည်စိစစ် လက်ခံရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်က လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များသို့ ပါဝင်ရေး ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်က အမုန်းတရားများ ကာကွယ်တားဆီးရေး ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက် နေမှုနှင့် သတင်းလွတ်လပ်ခွင့် ကိစ္စများကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးချယ်က စီးပွားရေးနှင့် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများအတွက် တာဝန်ယူမှုရှိသည့် စီးပွားရေး လုပ်ငန်း(Responsible Business)ကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပညာရေး၊ ကျန်းမာရေး၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ဆိုင်ရာကိစ္စများကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲမှူးချုပ်အောင်ဌေးမြင့်က အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူကုန်ကူးမှု၊ အကျဉ်းသားများကိစ္စ၊ တာဝန်ယူမှု တာဝန်ခံမှုတို့နှင့်စပ်လျဉ်းသည့် ကိစ္စများကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက IDP စခန်းများ ပိတ်သိမ်းရေး ဆောင်ရွက်နေမှု၊ ကျား/မတန်းတူ ညီမျှရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းသူ များအခွင့်အရေးကိစ္စရပ်များ ကိုလည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာသီတာဦးက တည်ဆဲဥပဒေများကို ခေတ်နှင့်အညီ ပြန်လည်သုံးသပ်ရေး၊ တရားစီရင်ရေး ကဏ္ဍပြုပြင် ပြောင်းလဲရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့် အရေးလှုပ်ရှားသူများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး၊ လွပ်လပ်စွာထုတ်ဖော် ပြောဆို ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်နှင့် မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များကို လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အလုပ်သမားအခွင့်အရေး၊ အတင်းအဓမ္မစေခိုင်းမှု ကာကွယ်တားဆီးရေး၊လူမှုဖူလုံရေးပံ့ပိုးမှုများနှင့် နိုင်ငံသားကိစ္စရပ်များ ကိုလည်းကောင်း ဆွေးနွေး ဖြေကြား ခဲ့ကြသည်။
သုံးသပ်မှုအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ်က ယခု သုံးသပ်မှုခံယူသည့် အစည်း အဝေးတွင် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် အကြံပြု တိုက်တွန်းချက်များ ပေးခဲ့ကြသည့် နိုင်ငံများအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ လူ့အခွင့်အရေးကို ဖော်ဆောင်ရာတွင် မတူကွဲပြားမှုနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို အထူးအလေးထားကာ၊ မတူ ကွဲပြားခြားနားသည့် လူ့အသိုက်အဝန်းတွင် ပြည်သူများ ဟန်ချက်ညီစွာ ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနေပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဒေသ ဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ UPR လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရာ၌ လိုအပ်ချက်ဖြစ်သော လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာ တင်သွင်းခဲ့သည့် ကိစ္စနှင့်စပ်လျဉ်းသည့် UPR လုပ်ငန်းအဖွဲ့၏ ကနဦးအစီရင်ခံစာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် အတည်ပြုမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက အတည်ပြု လက်ခံခဲ့သော အကြံပြုချက်များ အကောင်အထည်ဖော်မှု အခြေအနေနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများကို စတုတ္ထအကျော့ UPR အစီရင်ခံစာ(၂၀၂၅)ခုနှစ်တွင်တင်ပြရန်ရှိကြောင်းသိရသည်။ (သတင်းစဉ်)