နေပြည်တော် ဇန်နဝါရီ ၂၅
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ များတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသင်္ဘောသားများအား ဆိုးလ် မြို့ရှိ မြန်မာ သံရုံးနှင့် မြန်မာသင်္ဘောသားများ အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) မှစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၅၅)ဦး၊ ဟောင်ကောင်မှ (၄)ဦး၊ တူရကီမှ (၁)ဦး၊ စပိန်မှ (၁)ဦး၊ ဖိလစ်ပိုင်မှ (၂)ဦး၊ ဘရာဇီးလ်မှ (၇)ဦး၊ စင်ကာပူမှ (၃)ဦး၊ အီဂျစ်မှ (၄)ဦး၊ ဗီယက်နမ်မှ (၁)ဦး၊ မလေးရှားမှ (၂)ဦး၊ ကနေဒါမှ (၁)ဦး၊ ထိုင်းမှ (၁)ဦး၊ ပါကစ္စတန်မှ (၁)ဦးနှင့် အင်ဒိုနီးရှားမှ (၂၉)ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၁၂)ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ် ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသား များအား ပြန်လည် ခေါ်ဆောင် ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ သံရုံးများ၊ သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။
(သတင်းစဉ်)