Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၅

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်း ပေးပို့ချက်အရ ဇန်နဝါရီ ၆ ရက်မှ ၂၃ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်‌သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ နတ်နန်း ကျေးရွာအုပ်စု၊ အရှေ့ဘက်(၃)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်/ကညင်သစ် (၃၃ ဒသမ ၃၃၂၀) တန်အားလည်းကောင်း၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝ ကားလမ်း၊ မိုင်တိုင်(၁၀/၄)တရော်ကျင်း ကျေးရွာအနီး  (၆) ဘီးယာဉ်ပေါ် မှ တရားမဝင် ပိတောက်ချပ် (၀ ဒသမ ၉၅၅၀)တန်အားလည်းကောင်း ဖမ်းဆီးရ မိခဲ့သည်။

ထို့အပြင်  ရခိုင်ပြည်နယ်၊  စစ်တွေမြို့နယ်၊ ဖောင်တော်ဦးဆိပ်အရှေ့ဘက် (၁)မိုင်ခန့်အကွာနေရာ၌ စက်လှေ (၁)စီးပေါ်မှ တရားမဝင် တောင်သရက်/တောင်စကိုင်း ခွဲသား (၁၄ ဒသမ ၂၃၁၈)တန်အား တရားခံ (၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

ညီညီသန်း(နေပြည်တော်)